တော်လှန်ရေးသမားရဲ့ နှစ်သစ် သဝဏ်လွှာ
တော်လှန်ရေးသမားရဲ့ နှစ်သစ် သဝဏ်လွှာ
ကမ္ဘာမကြေဘူး သီချင်းကိုဆိုပြီး
အမှောင်ထဲ ထွန်းလင်းတဲ့
ကြယ်တွေကို ဂုဏ်ပြုဦးညွှတ်လို့
ဆုတောင်းရင်း နှစ်သစ်ကို ကူးလိုက်တယ်…။
CDMကျောင်းဆရာမလေးတစ်ယောက်က
အဲ့ဒီအချိန်တုန်းကသာ ဝန်ထမ်းမှန်သမျှ
CDMဆို အခုလိုကြုံရမှာ မဟုတ်ဘူးတဲ့
အခက်အခဲ အကျပ်အတည်းတွေကြားမှာရောက်နေတဲ့
ရုံးမတက်ပဲ ရုန်းထွက်ခဲ့သူတွေရဲ့
ယုံကြည်ချက်နဲ့ ဉာဏ်ပညာတွေအတွက်
ဂုဏ်ပြု ဦးညွှတ်လို့ ဆုတောင်းမေတ္တာ ပို့သလိုက်တယ်။
အာဏာရှင်ဆန့်ကျင်တော်လှန်ရေးမှာ
သေနတ်ကိုင်ဆွဲ တိုက်ပွဲဝင်သူတွေနဲ့
ကလောင်ကိုင်ဆွဲ တိုက်ပွဲဝင်သူတွေကိုလည်း
ဆုတောင်းမေတ္တာပို့သပါတယ်။
စစ်အာဏာရှင်တွေကို ဆန့်ကျင်တော်လှန်ရင်း
ပုံစံအမျိုးမျိုးနဲ့
သပိတ်စုံ အရေးတော်ပုံထနေတဲ့ သူရဲကောင်းတွေကိုလည်း
အန္တရာယ်ကင်း ဘေးရှင်းပါစေကြောင်း
ဆုတောင်းမေတ္တာ ပို့သပါတယ်။
အကျယ်ချုပ်ကျနေတဲ့ နိုင်ငံတော်နဲ့
အကျဉ်းထောင်တဲ့ရောက်နေတဲ့ ဒီမိုကရေစီတွေလည်း
လွတ်မြောက်ပါစေကြောင်း
ဆုမွန်ကောင်းတောင်းလိုက်တယ်။
အာဏာရှင်ဆန့်ကျင်တော်လှန်ရေးမှာ
လင်သေ…
သားဆုံးသွားတဲ့ အမေကြီးအပါအဝင်
မီးလောင်တိုက်သွင်းခံလိုက်ရတဲ့ ကျေးရွာတွေကနေ
တိမ်းရှောင်လာသူတွေထံ
ဂတိပြုစကားနဲ့ မေတ္တာတရားတွေ ပေးပို့လိုက်ပါတယ်။
အာဏာရှင် ဆန့်ကျင်တော်လှန်ရေးမှာ
ကောက်ရိုးမီးလို
ဟုန်းခနဲ့ ထတောက်သွားကြသူတွေအတွက်လည်း
ဆုတောင်းပေးပါတယ်
တဒင်္ဂခဏပဲဖြစ်ဖြစ် ပါဝင်ခဲ့တဲ့ အလင်းရောင်တွေအတွက်။
ဘယ်အစိုးရတက်တက် ကိုယ်လုပ်မှ ကိုယ်စားရတယ်ဆိုတဲ့
ကြားနေလူတန်းစားတွေအတွက်လည်း
ဆုတောင်းပေးတယ်
စစ်အာဏာရှင်တွေရဲ့ နှိပ်စက်တဲ့ဘေးဆိုးကနေ
ကင်းဝေးပါစေ။
နှစ်သစ်မှာ…
တကိုယ်စာ တကိုယ်ကောင်း လွတ်မြောက်ဖို့အတွက်
ဆုမတောင်းတော့ဘူး…။
နှစ်သစ်မှာ…
နိုင်ငံတော်နဲ့
တိုင်းရင်းသား ပြည်သူတွေအားလုံးအပေါ်
ခွင့်သူညီမျှမှုတွေနဲ့ ဖြူစင်တဲ့ဝါဒကို
ပေးအပ်နိုင်သူ ဖြစ်ပါစေ။
နိုင်ငံတော်နဲ့…
တိုင်းရင်းသား ပြည်သူတွေအားလုံးအပေါ်
တရားမျှတ လွတ်လပ်ချင်းရဲ့ အနှစ်သာရကို
ပေးအပ်နိုင်သူ ဖြစ်ပါစေ။
နှစ်သစ်မှာ…
နိုင်ငံတော်အသစ်နဲ့
အာဏာရှင်တွေ ကျဆုံးပြီး
အာဏာရှင်စနစ် ပျက်သုဉ်းရေးမှသည်
ဖက်ဒရယ်ဒီမိုကရေစီအရေးမှာ
စွမ်းသမျှ ပါဝင်နိုင်သူ ဖြစ်ပါစေကြောင်း
ဆုတောင်းလိုက်ပါတယ်…။။
နေချိုသွေး
The Tanintharyi Times
