အိမ်ဖြူတော် ပြန်ရောက်ပြီး တစ်ရက်အကြာမှာ တရားစွဲခံရတဲ့ ထရမ့်

အိမ်ဖြူတော် ပြန်ရောက်ပြီး တစ်ရက်အကြာမှာ တရားစွဲခံရတဲ့ ထရမ့်

အမေရိကန်မှာ မွေးဖွားတဲ့ ကလေးငယ်တွေ အလိုအလျောက် နိုင်ငံသားဖြစ်ခွင့်ရှိတဲ့ အခြေခံဥပဒေ ပါပြဌာန်းချက်ကို ဆိုင်းငံ့ကြောင်း လက်မှတ်ရေးထိုးခဲ့တာကြောင့် အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ကို ပြည်နယ် ၂၂ ခုကရှေ့နေချုပ်တွေ ကတရားစွဲလိုက်ပါတယ်။

ရာစုနှစ်တစ်ခုကျော်အကြာ တည်ရှိနေတဲ့ လူဝင်မှုကြီးကြပ်ရေးအလေ့အထတစ်ခုကို ထရမ့် က ပယ်ဖျက်ဖို့ကြိုးစားတာကြောင့် အခြေခံဥပဒေကို ချိုးဖောက်တယ်လို့ ဆိုကာ သမ္မတ ဖြစ်ပြီးတစ်ရက်အကြာမှာ ပဲ တရားစွဲခံလိုက်ရတတာဖြစ်ပါတယ်။

ဒေါ်နယ်ထရမ့် သမ္မတ ရွေးကောက်ပွဲ မဲဆွယ်ကာလမှာ ကတိပြုခဲ့တဲ့ မူဝါဒအပြောင်းအလဲ အများအပြား ကို သမ္မတ အဖြစ်ကျမ်းကျိန်ပြီး တစ်ရက်အကြာမှာပဲ လက်မှတ်ရေးထိုး ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီထဲမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO နဲ့ ဥတုရာသီပြောင်းလဲမှုဆိုင်ရာ နိုင်ငံတကာသဘောတူညီချက်တို့က နုတ်ထွက်တာ၊ အမေရိကန်က နိုင်ငံတကာကိုပေးနေတဲ့ အကူအညီတွေကိုလည်း ယာယီ ဆိုင်းငံ့တာ ၊ လူဝင်မှုကြီးကြပ်ရေးနဲ့ဆိုင်တဲ့ အမေရိကန်-မက္ကဆီနယ်စပ်ကို အရေးပေါ်အခြေအနေအဖြစ် ကြေညာတာ၊ ခိုလှုံခွင့်လျှောက်ထားခွင့်နဲ့ အမေရိကန်မှာ မွေးဖွားတဲ့ ကလေးငယ်တွေ အလိုအလျောက် နိုင်ငံသားဖြစ်ခွင့်ရှိတာတွေကို ရပ်ဆိုင်းတာတွေ ပါဝင်ပါတယ်။

ထရမ့် ရဲ့ လူဝင်မှုကြီးကြပ်ရေးမူဝါဒတွေကို တင်းကြပ်တာ နဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆို ပါ နိုင်ငံသားဖြစ်ခွင့်ကို ရပ်တန့်တဲ့ ကိစ္စတွေဟာ ကာလကြာရှည်စွာ တရား ရင်ဆိုင်ရနိုင်ခြေရှိတယ်လို့လည်း AP သတင်း ကဖော်ပြပါတယ်။

“ ၁၄ ကြိမ်မြောက်အခြေခံ ဥပဒေပြင်ဆင်ချက်ကို သမ္မတ တစ်ယောက်က ဘောပင်တစ်ချောင်း နဲ့ပယ်ဖျက်နိုင်တဲ့ ထုံးစံမရှိဘူး”လို့ နယူးဂျာစီပြည်နယ် ရှေ့နေချုပ် Matt Platkin က ပြောပါတယ်။

အိမ်ဖြူတော်ဘက်ကတော့ ပြည်နယ်တွေ နဲ့ တရားတွေ တိုက်ပွဲ စတင်ဖို့ သင့်ဖြစ်နေပြီလို့ပြောဆိုခဲ့ပြီး ခုလို တရားစွဲမှုတွေ ဟာ လက်ဝဲ နိုင်ငံရေးလှုပ်ရှား မှုတစ်ခုထက်မပိုဘူးလို့တုန့်ပြန်ပါတယ်။

“ရယ်ဒီကယ် လက်ဝဲယိမ်း နိုင်ငံရေးသမားတွေ အနေနဲ့ ပြည်သူတွေကို ဆန့်ကျင်မလား၊ သမ္မတ ဒရမ့်နဲ့ ပူးပေါင်းပြီး နိုင်ငံတိုးတက်ရေးအတွက်လုပ်မလားဆိုတာရွေးချယ်ရပါလိမ့်မယ်” လို့ အိမ်ဖြူတော် သတင်းထုတ်ပြန်ရေး လက်ထောက်တာဝန်ခံ Harrison Fields က ဆိုပါတယ်။

အမေရိကန်မှာ မွေးဖွားတဲ့ ကလေးငယ်တွေ အလိုအလျောက် နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ ပြဌာန်းချက်ဟာ ၁၈၉၈ ခုနှစ်ကတည်းက အမေရိကန်ပြည်ထောင်စုရဲ့ အခြေခံ ဥပဒေမှာ ၁၄ ကြိမ်မြောက်ပြင်ဆင်ချက် အဖြစ် ပြဌာန်းခဲ့တာဖြစ်ပါတယ်။

ဒီပြဌာန်းချက်ကို သမ္မတအဖြစ် ရွေးချယ်ခံရပါက ဆိုင်းငံ့ သွားမှာဖြစ်တယ်လို့ ဒေါ်နယ်ထရမ့် က မဲဆွယ်ခဲ့တာဖြစ်ပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အဖိုး၊အဖွားတွေ ဟာ ဂျာမန် နဲ့ စကော့တလန် ‌ရွေ့ပြောင်း အခြေချနေထိုင်သူတွေဖြစ်ပါတယ်။

ကိုးကား – AP

(ယခုဘာသာပြန်သတင်းကို The Tanintharyi Times နဲ့ Connect Burma သတင်းခန်းတို့ပူးပေါင်းတင်ဆက်ပါတယ်)

The Tanintharyi Times