လမ်းချင်းတူနေသရွေ့

လမ်းချင်းတူနေသရွေ့

‘ကိုဗစ်’နဲ့ ‘ကိုစစ်’ကြောင့် ဘဝနေထိုင်မှုပုံစံတွေကို အတော်များများ ပြောင်းလဲလိုက်ရတယ်။ ဒါကို နေထိုင်မှုပုံစံအသစ်လို့ ခေါ်ကြလေရဲ့။
နေသားကျနေတဲ့ပုံစံကနေ ရုတ်တရက် ပြောင်းလဲလိုက်ရတဲ့အခါ အကွေ့မှာ အရှိန်ပြင်းပြင်း ကွေ့ချလိုက်တဲ့ ကားလိုပဲ ဖရိုဖရဲနဲ့ ဟန်ချက်ပျက်သွားတဲ့ အနေအထားကို ကမန်းကတန်း ပြန်ထိန်းကြရတယ်။

ကိုဗစ်ကို သံယောင်လိုက်ပြီး ၂၀၂၁ အာဏာသိမ်းမှုကြောင့် ဖြစ်လာရတဲ့ ပဋိပက္ခတွေကို “ကိုစစ်” လို့ ဗန်းစကားလိုလို အသုံးပြု ပြောဆိုလာကြတယ်။ ရယ်စရာလို ဖြစ်ခဲ့ရတဲ့ အဲဒီအခေါ်အဝေါ်နောက်မှာ တစ်တိုင်းပြည်လုံး ဆင်းရဲဒုက္ခနွံထဲ လိမ့်ကျနစ်ဝင်သွားရတာပါပဲ။

‘ကိုစစ်’ကားကြီး ကွေ့ချလိုက်တဲ့ အရှိန်ကပြင်းလွန်းလို့ တောထဲတောင်ထဲ လွင့်ပါသွားရသူတွေ၊ ပြည်ပလွင့်ထွက်သွားရသူတွေ၊ အိုးအိမ်စွန့်ပစ်ပြီး ထွက်ပြေးရှောင်တိမ်းနေရသူတွေ၊ အိုးမဲ့အိမ်မဲ့ ဖြစ်သွားရသူတွေ၊ လူမစုံတော့တဲ့ မိသားစု ထမင်းဝိုင်းတွေ၊ တမလွန်အရပ်ကို ခရီးထွက်သွားရသူတွေ စတဲ့ မရေမတွက်နိုင်တဲ့ ဆုံးရှုံးမှု လှိုင်းလုံးကြီးတွေဟာ တရစပ်လှိမ့်ဝင်လာခဲ့တယ်။

ဒါဟာ ဘဝနေထိုင်မှုပုံစံအသစ်လို့ပြောရင် တကယ်ကို ရင်နာရတဲ့ ပုံစံအသစ်ပါ။ ဒီပုံစံအသစ်ထဲမှာ နေသားကျမသွားဖို့ ကိုယ့်ကိုယ်ကို ခဏခဏ သတိပေးရတယ်။ ဆုံးရှုံးမှုတွေကို ထွေးပွေ့ထားပြီး ဘဝဟာဒီလိုပဲလို့ နေသားကျသွားလို့ မဖြစ်ဘူး။ ဒီဆုံးရှုံးမှုနဲ့ ထိုက်တန်တဲ့ အကျိုးရလဒ်ရအောင် တော်လှန်ခရီးတလျှောက်မှာ ခွန်အားမီးစာအဖြစ် အသုံးပြုကြရမယ်။

အနာကျင်ဆုံး အတွေ့အကြုံကို အကြီးမားဆုံးခွန်အားအဖြစ် ပြောင်းလဲလိုက်တဲ့ ဖီးနစ်ငှက်လိုပေါ့။ မီးပုံထဲက ရုန်းထွက်ပျံသန်းနိုင်ရမယ်။ နာကျင်မှုတွေ ဆုံးရှုံးမှုတွေ သောကတွေဟာ တော်လှန်ရေးမှာ ထည့်ဝင်ထားရတဲ့ အရင်းအနှီးတွေ။ ဒေါက်တာတေဇာဆန်းကတော့ ပြောတယ်။ ဒီပွဲဟာ အရင်းအနှီးကြီးသလောက် အကျိုးအမြတ်ကြီးမယ့်ပွဲ တဲ့။

ပြန်ရလာမယ့် အကျိုးအမြတ်ဟာ တန်းတူညီမျှခြင်း၊ တရားမျှတခြင်း၊ လွတ်လပ်ခြင်းတွေသာ ဖြစ်ပါစေလို့ ဆန္ဒပြုမိပါတယ်။

တော်လှန်ရေးအတွက် စတေးလိုက်ရတာတွေကို ဆုံးရှုံးမှုလို့ မမြင်ဘဲ ဒီမိုကရေစီနဲ့ တန်းတူညီမျှမှုရရှိဖို့အတွက် ထည့်ဝင်လိုက်ရတဲ့ အရင်းအနှီးလို့ မြင်တာမျိုးက ပိုပြီးစိတ်ဓါတ်အင်အား ဖြစ်စေပါရဲ့။ ဒါပေမယ့် အကျိုးအမြတ်ကြီးတယ်လို့ ဘယ်လိုဆိုဆို ဆုံးရှုံးမှုတွေ ဘာလို့ဒီလောက်တောင် များရတာပါလိမ့်လို့ တွေးမိတိုင်း ရင်နာရတာပါပဲ။

တချို့ ဆုံးရှုံးမှုက အကောင်အထည်နဲ့ လက်ဆုပ်လက်ကိုင် ပြနိုင်ပေမယ့် တချို့အရာတွေကတော့ သိပ်ပြီးထင်သာမြင်သာ မရှိတဲ့အရာတွေ။ အသေးအမွှားလေးလို့ သတ်မှတ်ခံထားရတဲ့ အရာတွေဟာ တခါတရံမှာ ဖွဲမီးလိုပဲ တငွေ့ငွေ့နဲ့ နက်ရှိုင်းတဲ့ နာကျင်မှုတွေ ဖြစ်စေတတ်ပါတယ်။

တော်လှန်ရေးမှာ ရင်ဘတ်ချင်းတူတဲ့သူတွေ တစ်ယောက်ကိုတစ်ယောက်၊ တစ်ဖွဲ့ကိုတစ်ဖွဲ့ ယုံကြည်မှု ပိုခိုင်မာလာတယ်ဆိုတာ အမှန်ပါပဲ။ ဒါပေမယ့် များပြားလှတဲ့ ဆက်သွယ်ရမှု အကြောင်းတွေထဲမှာ လျော့ရဲနေတဲ့ ယုံကြည်မှုတချို့လည်း ရှိကောင်းရှိနေမှာပါ။

သွားရာလမ်းချင်းတူတယ်လို့ စိတ်သဏ္ဍာန်ထဲမှာ အခိုင်အမာ ယုံကြည်မိပေမယ့် လက်ရှိအခြေအနေအရ ပုဂ္ဂိုလ်ရေးအချက်အလက်တွေကို လျှို့ဝှက်ထိန်ချန်ပြီး ဆက်သွယ်ကြရတာ များပါတယ်။
အထူးသဖြင့် ပြည်တွင်းမှာနေပြီး တော်လှန်ရေးမှာလည်း တတ်နိုင်တဲ့ဘက်က ပါဝင်လုပ်ဆောင်နေသူတွေမှာ ပိုပြီး သိုသိုဝှက်ဝှက် လုပ်ကိုင်ကြရပါတယ်။ အလုပ်ကိစ္စနဲ့ အဆက်အသွယ်ပြုကြတဲ့အခါ လိပ်စာ၊ ကိုယ်ရေးအချက်အလက်တွေကို အတတ်နိုင်ဆုံး တစ်ယောက်ကိုတစ်ယောက် မမေးမိအောင် နှုတ်ထိန်းထားကြတယ်။

ကိုဗစ်ကြောင့် အသုံးများလာတဲ့ zoom app ကို သုံးရတဲ့ အခါမှာလည်း မျက်နှာမဖော်ကြတော့။ အမည်အတုသုံးပြီး အသံပဲ ကြားစေကြတော့တယ်။ ဒါမှပဲ စိတ်လုံခြုံမှု တပိုင်းတစကို ဖမ်းဆုပ်နိုင်မယ် ထင်ပါရဲ့။ အသံသာကြားရပြီး ရုပ်ရည်သွင်ပြင် ပုံပန်းသဏ္ဍာန်ကို အခိုးအငွေ့တစ်ခုလို မှန်းဆခင်မင်ရ၊ မှန်းဆယုံကြည်ရတဲ့ အဖြစ်မျိုးဟာ ဒီတော်လှန်ရေးနဲ့အတူ ဖြစ်တည်လာတဲ့ ဘဝနေထိုင်မှုပုံစံအသစ် ထင်ပါတယ်။

အစည်းအဝေးတွေ၊ သင်တန်းတွေမှာလည်း အမည်လွှဲတွေနဲ့ လျှို့ဝှက်ဆက်သွယ်ပြီး ချိတ်ဆက်လုပ်ဆောင်ကြရတယ်။ အမည်အသစ်တွေဆိုလည်း တစ်မျိုးတည်း မှည့်ထားတာမျိုးတောင် မဟုတ်ဘူး။ လူတစ်ယောက်ကို နာမည်က အနည်းဆုံး သုံးလေးမျိုးတော့ မှည့်ထားရတယ်။ ဟိုအစည်းအဝေးမှာ ဟိုနာမည်၊ ဒီဆွေးနွေးပွဲမှာ ဒီနာမည်၊ သင်တန်းမှာကတစ်မျိုး စသဖြင့်ပေါ့လေ။

စစ်ကောင်စီ စိုးမိုးထားဆဲ နယ်မြေမှာ ပုန်ကန်တော်လှန်တဲ့ စကားလေးတစ်ခွန်း အပြုအမူလေးတစ်ချက်က စစ်ဘီလူးတွေဆီ ရွှေနားတော် ပေါက်ကြားသွားတာနဲ့ စက်တိုင်တက်ရနိုင်တယ် မဟုတ်လား။ ဒီတော့ တော်လှန်ရေးအတွက် ရှေ့ဆက်ချင်တယ်ဆိုရင် ခြေသံလုံလုံနဲ့ ဆက်လျှောက်နိုင်ဖို့က အရေးကြီးဆုံးပါပဲ။

လုံခြုံရေးကြောင့် ဒီလိုရှေ့ဆက်ရတယ်ဆိုတာ နားလည်ပေမယ့် တခါတလေတော့လည်း ယုံကြည်ချက်တူသူ အချင်းချင်းတောင် ပေါ်ပေါ်ထင်ထင် ဆက်ဆံခွင့် မရှိတဲ့ အနေအထားပါလားလို့ စိတ်မသက်မသာ ဖြစ်မိတာ အမှန်ပါပဲ။ တော်လှန်ရေးပန်းတိုင်ရောက်ဖို့အတွက် မရေမတွက်နိုင်အောင် ထည့်ဝင်ထားရတဲ့ အရင်းအနှီးတွေထဲမှာ ယုံကြည်မှုဆိုတာရော ပါဝင်နေလေမလား။

တော်လှန်ရေးရဲ့ အခန်းကဏ္ဍတစ်ခုခုမှာ နှစ်နဲ့ချီအတူတကွ လက်တွဲလုပ်ခဲ့ရပါလျက်နဲ့ နာမည်လေး‌တောင် လျှို့ဝှက်ထားရတဲ့ အခြေအနေ။ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုပေါင်း မြောက်များစွာထဲက နာမည်အရင်းကို မီးသင်္ဂြိုလ်ပစ်လိုက်ရတာကလည်း အာဏာရှင်စနစ်ရဲ့ သရုပ်သကန်တစ်ခုပဲ ထင်ပါတယ်။

ဗီယက်နမ်နိုင်ငံရဲ့ ဖခင်ကြီး “ဟိုချီမင်း” ကတော့ တော်လှန်ရေးကာလမှာ အမည်လွှဲပေါင်း ၅၀ ကနေ ၂၀၀ လောက်အထိ အသုံးပြုခဲ့တယ်တဲ့။ အမည်အမျိုးမျိုး ပုံသဏ္ဍာန်အမျိုးမျိုးပြောင်းလဲပြီး ရန်သူအဖမ်းမခံရအောင် ရှောင်တိမ်းရင်း တော်လှန်ရေးအလုပ်ကိုလည်း အားကြိုးမာန်တက် လုပ်ဆောင်ရှာတယ်။ တော်လှန်ရေးကာလဆိုတာ ဒီလိုပဲ ထင်ပါရဲ့။
ဘယ်လက်ရဲ့အလုပ်ကို ညာလက်ကမသိအောင် လျှို့လျှို့ဝှက်ဝှက် လုပ်ဆောင်နိုင်မှ မလိုလားအပ်တဲ့ အန္တရာယ်ကနေ ရှောင်ကွင်းနိုင်မယ် မဟုတ်လား။

ဟိုချီမင်းကတော့ အမည်တုပေါင်းများစွာကို သုံးပြီး ဗီယက်နမ်နိုင်ငံရဲ့ လွတ်လပ်ရေးကို ရအောင်ဆောင်ကျဉ်းနိုင်ခဲ့တယ်။ ကိုယ်ကိုယ်တိုင်လည်း အမည်တုသုံးရတဲ့အခါ တော်လှန်ရေးအတွက် တထောင့်တနေရာက အကျိုးပြုနိုင်မယ့် အလုပ်အတွက် သုံးရတာပဲ ဖြစ်ပါစေ။

လူတစ်ဦးချင်းစီအတွက် သီးသန့်မှည့်ခေါ်ထားတဲ့ အမည်နာမဆိုတာ ကိုယ့်ရဲ့အမှတ်တံဆိပ်၊ ကိုယ်နဲ့ထပ်ချပ်မခွာ အသုံးပြုရတဲ့အရာမို့ လူတိုင်းအတွက် အရေးကြီးပါတယ်။ လိုအပ်ချက်အရ အမည်တုတွေသုံးရတယ်ဆိုရင်တောင် ကောင်းကျိုးဖြစ်စေတဲ့ နေရာမျိုးမှာပဲ အသုံးပြုကြရမယ်။

အခုအချိန်မှာတော့ အမည်တုတွေသုံးပြီး အချင်းချင်း ဆက်သွယ်နေရတာကို စိတ်ထဲမှာ တခုခုလိုနေသလို ခံစားရပေမယ့် ဒါဟာ အလုံခြုံဆုံးနည်းလမ်းမို့ ဒီနည်းနဲ့ပဲ ယုံကြည်မှုတွေတည်ဆောက် အလုပ်ဆက်လုပ်ကြရတာပါပဲ။ တော်လှန်ရေးအပေါ် ထားတဲ့သစ္စာနဲ့ ခံယူချက်ချင်း တူညီနေတယ်ဆိုရင် တစ်လမ်းတည်း ဆက်လျှောက်သွားလို့ ရမှာပါ။

တော်လှန်ရေးအောင်မြင်သွားပြီးရင် အိမ်ပြန်ကြမယ့်သူတွေနည်းတူ အချင်းချင်းအပြင်မှာ တွေ့ဆုံကြမယ်။ အပြုံးတွေဝေဝေဆာဆာနဲ့ လက်ဆွဲနှုတ်ဆက်ကြမယ်။ ကိုယ့်ရဲ့ အမည်ရင်းတွေပြောပြီး အပြန်အလှန် မိတ်ဆက်ကြမယ်။ သုံးခဲ့ရတဲ့ အမည်တုတွေကို ကြယ်တွေရေတွက်သလို ပြန်လည်ရေတွက်ရင်း ဟာသလုပ်ပြီး ရယ်မောလိုက်ကြမယ်။ အဲဒီနေ့ဟာ ရောက်ကိုရောက်လာရမှာပါ။ လမ်းချင်းတူနေသရွေ့ လူချင်းဆုံဖြစ်ဖို့လည်း မခဲယဉ်းလောက်ဘူးလို့ မျှော်လင့်မိပါတယ်။     ။

ငြိမ်းပန်

The Tanintharyi Times