ထိုင်းမှာ ပတ်စပို့သက်တမ်းတိုးရင် မြန်မာနိုင်ငံက ထောက်ခံစာအဆင့်ဆင့်ယူရမယ်လို့ ချင်းမိုင်ကောင်စစ်ဝန်ရုံးထုတ်ပြန်
ထိုင်းမှာ ပတ်စပို့သက်တမ်းတိုးရင် မြန်မာနိုင်ငံက ထောက်ခံစာအဆင့်ဆင့်ယူရမယ်လို့ ချင်းမိုင်ကောင်စစ်ဝန်ရုံးထုတ်ပြန်

ထိုင်းနိုင်ငံမှာရောက်နေတဲ့မြန်မာတွေ ပတ်စပို့ သက်တမ်းတိုးရင် လုပ်ဆောင်ရမယ့် ကန့်သတ်ချက်တွေကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာရှိတဲ့ မြန်မာကောင်စစ်ဝန်ရုံးက ထပ်မံထုတ်ပြန်လိုက်ပါတယ်။
အခုလ ၁၇ ရက် ရက်စွဲနဲ့ ထုတ်ထားတဲ့ အဲဒီထုတ်ပြန်ချက်ထဲမှာ အလည်အပတ်ပတ်စ်ပို့နဲ့ ပညာရေးပတ်စ်ပို့တွေ သက်တမ်းတိုးချိန် လုပ်ဆောင်ရမယ့် ကန့်သန့်ချက်တွေ တင်ပြရမယ့်အရာတွေကို ရေးသားထားပါတယ်။
ပတ်စ်စပို့သက်တမ်းတိုးတဲ့သူတွေဟာ မြန်မာနိုင်ငံမှာ ကိုယ်နေထိုင်တဲ့ဒေသက ရဲစခန်းထောက်ခံစာ၊ ရပ်ကွက်ထောက်ခံစာ၊ ပြန်တမ်းဝန်အရာရှိတစ်ဦးရဲ့ဝန်ထမ်းကဒ်ပါတဲ့ ထောက်ခံစာတွေပါရှိရမယ်လို့ဆိုပါတယ်။
ဒါ့အပြင် မိဘနှစ်ပါးရဲ့ ထောက်ခံချက်၊ ကာယကံရှင်ရဲ့ ပြည်ပရောက်ရှိနေချိန် ဆောင်ရွက်မှုအသေးစိတ် ကိုယ်ရေးစာ၊ ကျောင်းတက်ရောက်နေသူဖြစ်ရင် ကျောင်းနဲ့ ပတ်သက်တဲ့ အထောက်အထားတွေပါ တင်ပြရမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီအထောက်အထားတွေနဲ့ ပူးတွဲတင်ပြလာရင် စိစစ်ပြီး သက်ဆိုင်ရာကို ဆက်လက်တင်ပြရမှာဖြစ်တာကြောင့် ခွင့်ပြုချက်ရရှိဖို့ ကြာမြင့်နိုင်တယ်လို့ဆိုပါတယ်။
အဲဒီလိုတင်ပြချိန် ပတ်စ်ပို့ သက်တမ်း ၆ လဝန်းကျင် ကျန်ရှိဖို့လိုအပ်တာကြောင့် ကြိုတင်တွက်ဆ ဆောင်ရွက်ဖို့လည်း ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။
နိုင်ငံကူးလက်မှတ် သက်တမ်းကျန်ရှိမှုနဲ့ ဗီဇာသက်တမ်းကျန်ရှိမှု ရက်နီးချိန်မှ ကောင်စစ်ဝန်ရုံးကို လာရောက်တင်ပြပြီး အမြန်ဆောင်ရွက်ပေးဖို့ဖိအားပေး တောင်းဆိုတာမလုပ်ဖို့လည်းပြောထားပါတယ်။
ဒီ ထုတ်ပြန်ချက်ဟာ ထိုင်းနိုင်ငံရောက်မြန်မာအများစုကို အကြပ်ရိုက်အောင် စစ်ကောင်စီက လုပ်ဆောင်လိုက်တာလို့ ပြောဆိုနေကြပါတယ်။
“အခက်အခဲက သူတို့လုပ်ပေးရမယ်လို့ပြောထားတဲ့ အချက်စီတိုင်းမှာ ရှိပါတယ်။ သူတို့ဘက်က ဘာတွေပြန်လုပ်ပေးမှာမို့လို့ သူတို့တောင်းတဲ့ အတိုင်းတင်ပြရမှာလဲ။ ဒီအချက်တွေကို ဘာကြောင့် တင်ပြရမှာလဲဆိုတာ ရှင်းရှင်းလင်းလင်းသိချင်တယ်” လို့ ချင်းမိုင်မြို့မှာ နေထိုင်တဲ့ မြန်မာတစ်ဦးက ပြောပါတယ်။
အခုလိုလုပ်ဆောင်တာဟာ စစ်အာဏာရှင် တော်လှန်ရေးခရီးကြာလာတာနဲ့အမျှ ရှုတောင့်ပေါင်းစုံကနေ ထောက်ပို့လုပ်နေတဲ့ ပြည်ပလူထုအားကို စစ်ကောင်စီဘက်ကစိုးရိမ်တာကြောင့်ဖြစ်တယ်လို့ သူကယူဆပါတယ်။
စစ်တပ်က ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်မှာ ပြည်တွင်းက နိုင်ငံကူးလက်မှတ် ထုတ်ယူတဲ့စနစ်ကိုလည်း ပြောင်းလဲခဲ့တဲ့အတွက် အရင်အစိုးရ လက်ထက်တွေကလို အဆင်ပြေ၊ လွယ်ကူတာမျိုး မရှိတော့ပဲ မှောင်ခိုဈေးကွက်ကို ဦးတည်စေခဲ့ပါတယ်။
The Tanintharyi Times