လုပ်သားအင်အား ၁,၀၀၀ အထက်ရှိတဲ့ စက်ရုံတွေက မြန်မာလုပ်သားတွေကို စက်ရုံမှာပဲ နိုင်ငံကူးလက်မှတ်သက်တမ်းလာတိုးပေးဖို့ ထိုင်းရှိမြန်မာသံရုံး စီစဉ်
လုပ်သားအင်အား ၁,၀၀၀ အထက်ရှိတဲ့ စက်ရုံတွေက မြန်မာလုပ်သားတွေကို စက်ရုံမှာပဲ နိုင်ငံကူးလက်မှတ်သက်တမ်းလာတိုးပေးဖို့ ထိုင်းရှိမြန်မာသံရုံး စီစဉ်
ထိုင်းနိုင်ငံအတွင်းမှာ လုပ်သားအင်အား ၁,၀၀၀ အထက်ရှိ စက်ရုံ၊ အလုပ်ရုံတွေမှာ အလုပ်လုပ်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးတာကို စက်ရုံတွေမှာလိုက်လုပ်ပေးမယ်လို့ ဘန်ကောက်ရှိ မြန်မာသံရုံးက မနေ့က ထုတ်ပြန်ပါတယ်။
စက်ရုံ၊ အလုပ်ရုံတွေ အနေနဲ့လည်း ၂၀၂၂ ခုနှစ် နဲ့ ၂၀၂၃ ခုနှစ်မှာ သက်တမ်းကုန်ဆုံးမဲ့ PJ အမျိုးအစား နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားတဲ့ လုပ်သားစာရင်းကို သံရုံးက သတ်မှတ်ထားတဲ့ ပုံစံအတိုင်း ကောင်စစ်တာဝန်ခံ အရာရှိထံ ယခုလ ၂၀ ရက်နေ့ နောက်ဆုံးထား ပေးပို့ဖို့ ထုတ်ပြန်ချက်ထဲမှာ ရေးသားထားပါတယ်။
တင်ပြလာတဲ့ စက်ရုံ၊ အလုပ်ရုံ အသီးသီးက စာရင်းတွေကို အခုလ ၂၃ ရက်နေ့မှာ အလှည့်မဲနှိုက်ကာ သတ်မှတ်လုပ်ဆောင်ပေးမှာ ဖြစ်တယ်လို့ အသိပေးထားပါတယ်။
လုပ်သားအင်အား ၁,၀၀၀ အောက်မှာရှိတဲ့ စက်ရုံ၊ အလုပ်ရုံတွေကိုတော့ သံရုံးဆီ အလှည့်ကျခေါ်ယူကာ လုပ်ဆောင်ပေးသွားမှာပါ။
ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးကတော့ လုပ်သားအင်အား ၁,၀၀၀ အောက် စက်ရုံက လုပ်သားကို အလှည့်ကျခေါ်ယူမယ် ဆိုတဲ့အပေါ် နိုင်ငံကူးလက်မှတ်သက်တမ်းရက်လွန်သွားရင် ဘယ်လို တာဝန်ယူမှာလဲလို့ မေးခွန်းထုတ်ပါတယ်။
“နိုင်ငံကူးလက်မှတ်သက်တမ်းတိုးတဲ့ သူတိုင်းက အခွန်ဆောင်ထားပြီးသားကို သူတို့လုပ်လို့ ရက်လွန်ကြေး ပြန်ဆောင်ရမယ်ဆိုတာကတော့ မဟုတ်သေးဘူး။ ရုံးမှာလည်း သွားလုပ်ရအုံးမယ်၊ ရက်လည်းလွန်ခံရအုံးမယ်ဆိုတာကတော့ မမိုက်ဘူး” လို့ ထုတ်ပြန်ချက်အပါ် ၎င်းက ထောက်ပြ ပြောဆိုပါတယ်။
နိုင်ငံကူးလက်မှတ် သက်တမ်းကုန်ဆုံးသူတွေ သက်တမ်းတိုးနိုင်ဖို့ ရက်ချိန်းတိုကင်တွေကို အခုလ ၇ ရက်နေ့က ဘန်ကောက်ရှိ မြန်မာသံရုံးက စတင်ထုတ်ပေးခဲ့ရာ မြန်မာရွှေ့ပြောင်းလုပ်သား ၆,၀၀၀ ကျော်ကို တိုကင်ထုတ်ပေးနိုင်ခဲ့တယ်လို့ သံရုံးက ထုတ်ပြန်ထားပါတယ်။
သံရုံးအနေနဲ့ နိုင်ငံကူးလက်မှတ် သက်တမ်းကုန်သူတွေနဲ့ လအလိုက် သက်တမ်းကုန်သူတွေကို အပတ်စဥ် စနေနေ့တိုင်း ဆက်လက်ထုတ်ပေးမှာဖြစ်တယ်လို့လည်း ထုတ်ပြန် အသိပေးထားပါတယ်။
The Tanintharyi Times
