တနင်္သာရီတိုင်းမှာ မိုးသက်လေပြင်းတိုက်လို့ သစ်ပင်ပိပြီး လူသေတာ၊ ရေကြီးရေလျံပြီး မြေပြိုတာတွေဖြစ်နေ

တနင်္သာရီတိုင်းမှာ မိုးသက်လေပြင်းတိုက်လို့ သစ်ပင်ပိပြီး လူသေတာ၊ ရေကြီးရေလျံပြီး မြေပြိုတာတွေဖြစ်နေ

ဓာတ်ပုံ - Myeik Now

တနင်္သာရီတိုင်းမှာ အခုရက်ပိုင်းအတွင်း မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ရေကြီးရေလျှံတာ၊ သစ်ပင်တွေလဲကျပြီး လူသေတာ၊ အဆောင်အအုံတွေ ပျက်စီးတာနဲ့ မြေပြိုတာတွေ ဆက်တိုက် ဖြစ်နေပါတယ်။

မနေ့က မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စု ရှားတောဝရပ်ကွက်က အသက် ၅၅ နှစ်အရွယ်အမျိုးသားတစ်ဦး ခြံထဲအလုပ်လုပ်နေချိန် မိုးသက်လေပြင်းကျကာ အုန်းပင်လဲကျပြီးပိလို့ ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။

တစ်နေ့တည်းမှာပဲ စန္ဒဝတ်ကျေးရွာအုပ်စု စန္ဒဝတ်ဘုန်းကြီးကျောင်း အနောက်ဘက်လမ်းမှာရှိတဲ့ ပျဥ်ထောင်အိမ်တစ်လုံးနဲ့ ကျွန်းစုမြို့နယ်၊ သဲချောင်းကျေးရွာအုပ်စု၊ သဲချောင်းရွာက နေအိမ်တစ်လုံးလည်း ပြိုကျပျက်စီးခဲ့ပါတယ်။

အခုလ ၁၈၊ ၁၉ ရက်တွေမှာ မိုးသက်လေပြင်းတွေကျရောက်ပြီး လှိုင်းတွေတက်လာ‌တာကြောင့် မြိတ်ကမ်းနားလမ်းမှာရှိတဲ့ ဆားတံတား၊ ပြည်တော်သာတံတား၊ ဆိပ်ငယ်တံတားတို့မှာရှိတဲ့သမ္ဗာန်လှေ ၁၀ စီးထက်မနည်းနစ်မြုပ်ခဲ့တယ်လို့လည်း သိရပါတယ်။ မြိတ်တောင်ရပ်ကွက်အပါအဝင် ရပ်ကွက်အများစုမှာလည်း ရေမြောင်းတွေပိတ်ဆို့ပြီး မြေနိမ့်ရပ်ကွက်၊ မြို့တွင်းလမ်းနဲ့ကမ်းနားလမ်းတွေမှာ ‌ရေကြီးရေလျှံတာတွေဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက်၊ သီရိမြိုင်ရပ်ကွက်၊ ရွှေဟင်္သာရပ်ကွက်တွေမှာ လမ်းမပေါ်ရေလျှံတာ၊ နေအိမ်ထဲရေဝင်တာ၊ မြေပြိုတာတွေဖြစ်နေပြီး ခမောက်ကြီးမြို့မှာ မိုးဆက်တိုက်ရွာတာကြောင့် လမ်းတွေပါပျက်စီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထားဝယ်မြို့ ပုံကျွန်းရပ်ကွက် ပုံကျွန်းလမ်းနဲ့သမာဓိလမ်း၊ ဆန်းချီရပ်ကွက်၊ ဝဲကျွန်းထိန်သစ်ရပ်ကွက်၊ သပြေချောင်းကျေးရွာ စတဲ့ရွာတွေက နေအိမ်အဆောက်အအုံတွေပေါ် သစ်ပင်လဲကျတာကြောင့် နေအိမ်ထိခိုက်ပျက်စီးတာတွေလည်း ရှိနေပါတယ်။

ဖော်ပြထားတဲ့အချက်အလက်တွေဟာ တနင်္သာရီတိုင်းမ်က လက်လှမ်းမှီသလောက်ကောက်ယူထားတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

တရုတ်နိုင်ငံ တောင်ပိုင်းကမ်းခြေမှာဖြစ်နေတဲ့ အပူပိုင်းမုန်တိုင်းတာလင်းရဲ့အရှိန်ကြောင့် တနင်္သာရီတိုင်းမှာ မနက်ဖြန်အထိမိုးပိုမယ်လို့ စစ်ကောင်စီမိုးဇလက အခုလ ၁၈ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

The Tanintharyi Times