တနင်္သာရီတိုင်း ကရှေ့တန်းစစ်မျက်နှာမှာ စစ်ကောင်စီက စစ်မှုထမ်းသင်တန်းဆင်းတွေ အသုံးပြုလာ

တနင်္သာရီတိုင်း ကရှေ့တန်းစစ်မျက်နှာမှာ စစ်ကောင်စီက စစ်မှုထမ်းသင်တန်းဆင်းတွေ အသုံးပြုလာ

ပုံစာ - ပလောက်မြို့အခြေစိုက် စစ်ကောင်စီတန်းမြင့်လေ့ကျင့်ရေးကျောင်း တိုင်းဗဟို(၁၂) မှာ ပြုလုပ်တဲ့ အပတ်စဥ် (၁) စစ်မှုထမ်းသင်တန်းဖွင့်ပွဲမှာ တွေ့ရတဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်းသားတွေ။ ( ဓါတ်ပုံ - ပြန်/ဆက်)

တနင်္သာရီတိုင်းတွင်းက ရှေ့တန်းစစ်မျက်နှာတွေမှာ စစ်မှုထမ်းသင်တန်းဆင်းလာတဲ့ စစ်ကောင်စီတပ်သားသစ်တွေကို စတင်အသုံးပြုလာပြီဖြစ်တယ်လို့ ဒေသတွင်းတော်လှန်ရေးရဲဘော်တွေနဲ့ တပ်တွင်းသတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

ပလောက်မြို့အခြေစိုက် စစ်ကောင်စီတန်းမြင့်လေ့ကျင့်ရေးကျောင်း တိုင်းဗဟို(၁၂)က စစ်သင်တန်းဆင်းတွေကို ပြီးခဲ့တဲ့ဇူလိုင်လ ၆ ရက်နေ့မှာ မြိတ်မြို့၊ ဆိပ်ငယ်ရပ်က သင်္ဘောဆိပ်ကနေတဆင့် ရေကြောင်းအသုံးပြုပြီး ထားဝယ်မြို့နယ်နဲ့ ကော့သောင်းမြို့နယ်တွေဘက်ကို ပို့ဆောင်ခဲ့တယ်လို့တပ်တွင်းသတင်းအရင်းအမြစ် တွေနဲ့ ပို့ဆောင်ခံရတဲ့ စစ်သင်တန်းဆင်း မိသားစုဝင်တွေရဲ့ ပြောပြချက်တွေအရသိရပါတယ်။

“ ကျမဦးလေးက စစ်မှုထမ်းပထမအသုတ်မှာ စစ်သင်တန်းတက်ဖို့ ပါသွားတာပါ။ သင်္ဘောနဲ့ ပို့မဲ့နေ့တုန်းက သူသင်္ဘောဆိပ်မှာ ရောက်နေပြီဆိုပြီး ကျမတို့ကိုဖုန်းဆက်တယ်။ အဲ့နောက်ပိုင်း အဆက်အသွယ်ထပ်မရပါဘူး” လို့ တကက (၁၂) က စစ်သင်တန်းဆင်းမိသားစုဝင် အမျိုးသမီးတစ်ဦးက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။

လက်ရှိ လောင်းလုံးမြို့နယ်၊ ပုလောမြို့နယ်၊ ကော့သောင်းမြို့နယ်နဲ့ ဘုတ်ပြင်းမြို့နယ်တွေဘက်က စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းတွေမှာ စစ်သင်တန်းဆင်း စစ်ကောင်စီတပ်သားသစ်တွေကို အင်အားဖြည့်ပို့ဆောင်ထားတယ်လို့ ဒေသတွင်းတော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။

အဲ့ဒီ စစ်ကောင်စီတပ်သားသစ်တွေကို နယ်မြေကင်းချတာ၊ ရှေ့ကင်းလွှတ်တာတွေအပြင် စစ်ကြောင်းထိုးတာတွေမှာပါ ထည့်သွင်းအသုံးပြုလာနေတာဖြစ်တယ်လို့ သက်ဆိုင်ရာဒေသတွေက တော်လှန်ရေးရဲဘော်တွေက ပြောပြပါတယ်။

“ ငယ်ငယ်လေးတွေချည်းပဲဗျ။ နယ်မြေ လမ်းကြောင်းကျွမ်းကျင်မှုမရှိဘူး။ တဖက်စစ်ကြောင်းနဲ့တိုးရင်လည်း ပုန်းရကောင်းမှန်းမသိဘူး။ ပတ်ပြေးနေကြတာဗျ” လို့ လောင်းလုံးမြို့အခြေစိုက် မြေပြင်ရဲဘော်တစ်ဦးက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၃ ရက်က ကမြောကင်းတံတားဘက်ကနေ လောင်းလုံးမြို့အဝင်အထိ တစ်ရွာဝင်၊ တစ်ရွာထွက် စစ်ကြောင်းထိုးလာတဲ့ အင်အား ၇၀ ဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းမှာ အင်အားတဝက်နီးပါးက တပ်သားသစ်တွေဖြစ်နေတယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ပုလောမြို့အခြေစိုက်၊ ခလရ (၂၈၅) တပ်ရင်းကိုလည်း စစ်ကောင်စီတပ်သားသစ်တွေပို့ဆောင်ထားပြီး မကျည်းကုန်းရွာ စစ်ကောင်စီစခန်းမှာလည်း တပ်သားသစ်တွေကို ပို့ဆောင်ထားတယ်လို့ ပုလောမြို့နယ် အခြေစိုက် တော်လှန်ရေးရဲဘော်တွေဆီကသိရပါတယ်။

“ ကျနော်တို့ဘက်မှာက ရှေ့တန်းမှာတော့ မပါလာသေးဘူး။ ရှေ့ကင်းတွေလွှတ်ရင် သုံးနေတယ်ဗျ” လို့ ပုလောမြို့နယ်ထဲက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကဆိုပါတယ်။

အလားတူဘုတ်ပြင်းမြို့နယ်က ခမရ (၅၅၉) တပ်ရင်းနဲ့ ခမရ (၅၆၀) တပ်ရင်းကိုလည်း ပြီးခဲ့တဲ့ ဇူလိုင်လ ၆ ရက်မှာတစ်ကြိမ်၊ ဇူလိုင်လ ၁၃ ရက်မှာတစ်ကြိမ် စစ်သင်တန်းဆင်း စစ်ကောင်စီတပ်သားသစ်တွေ ရောက်ရှိလာခဲ့တာကို တပ်တွင်းသတင်းအရင်းအမြစ်တွေအရသိရတယ်လို့ ကော့သောင်းခရိုင်အခြေစိုက် တော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။

ဒါ့အပြင် ကော့သောင်းမြို့နယ် အခြေစိုက်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ကော့သောင်းတပ်နယ်က တပ်ရင်းတွေကိုလည်း စစ်ကောင်စီတပ်သားသစ်တွေ ပို့ဆောင်ထားတာကိုသိရပြီး အရေအတွက်ကို အတည်ပြုနေဆဲဖြစ်တယ်လို့ ကော့သောင်းခရိုင်အခြေစိုက် တော်လှန်ရေးရဲဘော်တွေက ဆိုပါတယ်။

ကော့သောင်းခရိုင်ကို ပို့ဆောင်လာတဲ့ စစ်သင်တန်းဆင်း စစ်ကောင်စီတပ်သားသစ်တွေထဲမှာ တနင်္သာရီတိုင်းတွင်းကပဲမဟုတ်ဘဲ အခြားသောဒေသတွေက လာတဲ့သူတွေလည်း ပါဝင်နေတယ်လို့ ကော့သောင်းခရိုင် တော်လှန်ရေးရဲဘော်တွေဆီကသိရပါတယ်။

အခုလိုမျိုး စစ်မှုထမ်းပထမသုတ်က သင်တန်းဆင်းတွေကို ရှေ့တန်းက တပ်ရင်း၊ တပ်စခန်းတွေကို ပို့ဆောင်နေချိန် စစ်ကောင်စီဘက်က မြိတ်မြို့နယ်၊ ကျွန်းစုမြို့နယ်နဲ့ ဘုတ်ပြင်းမြို့နယ်တွေမှာ စစ်မှုထမ်းသင်တန်း နောက်တစ်သုတ်အတွက် လူစာရင်းခေါ်ယူတာတွေကို ပြန်လည်လုပ်ဆောင်နေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ စိုးရိမ်ထိတ်လန့်မှုတွေရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

The Tanintharyi Times