ကော့သောင်း၊ မာရမ်းရွာရဲစခန်းကုန်းကို တော်လှန်ရေးအဖွဲ့တွေသွားရောက်ပစ်ခတ်စဥ် ရဲဘော်တစ်ဦးကျဆုံး
ကော့သောင်း၊ မာရမ်းရွာရဲစခန်းကုန်းကို တော်လှန်ရေးအဖွဲ့တွေသွားရောက်ပစ်ခတ်စဥ် ရဲဘော်တစ်ဦးကျဆုံး
ကော့သောင်းခရိုင်၊ မာရမ်းကျေးရွာက ရဲစခန်းကုန်းကို တော်လှန်ရေးတပ်တွေဘက်က သွားရောက်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ ပြန်လည်ပစ်ခတ်မှုကြောင့် တော်လှန်ရေးရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ ကော့သောင်းခရိုင်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကသိရပါတယ်။
ဒီကနေ့မနက် ၆ နာရီဝန်းကျင်မှာ ခမောက်ကြီးမြို့နယ်၊ မာရမ်းကျေးရွာက စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေ စခန်းချထားတဲ့ ရဲစခန်းကုန်းကို ကော့သောင်းမြို့နယ် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဘက်က သွားရောက်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ကော့သောင်းခရိုင်အခြေစိုက် တော်လှန်ရေးရဲဘော်တွေက ဆိုပါတယ်။
ရဲစခန်းကုန်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေဘက်ကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှု မိနစ်လေးဆယ်ဝန်းကျင်ဖြစ်ပွားခဲ့တယ်လို့ တော်လှန်ရေးရဲဘော်တွေရဲ့ ပြောပြချက်အရသိရပါတယ်။
“ ကျနော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အဲ့စခန်းမှာ အင်အားနည်းနေတယ်လို့ သတင်းရထားတာဗျ။ တကယ်သွားပစ်မှ စစ်ကောင်စီဘက်က လူနဲ့ လက်နက်အင်အား ပြန်ဖြည့်ထားတော့ လက်နက်ကြီးပြန်ပစ်တာက မိုးရွာနေသလိုပဲ” လို့ ကော့သောင်းခရိုင်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကဆိုပါတယ်။
ယခင်က မာရမ်းရွာ ရဲစခန်းကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားက ၁၀ ဦးဝန်းကျင်သာရှိခဲ့ပေမဲ့ ဒီကနေ့သွားရောက်တိုက်ခိုက်ချိန်မှာတော့ စစ်ကောင်စီတပ်သား ၃၀ ဦးဝန်းကျင်အထိရှိတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
နှစ်ဖက်အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်ရဲဘော်တစ်ဦး လက်နက်ကြီးကျည်စ ထိမှန်ပြီး ကျဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကသိရပါတယ်။
“ ကျနော်တို့ရဲဘော်က အလောင်းပြန်မရခဲ့ပါဘူး။ မမျှော်လင့်ထားတဲ့ အခြေအနေတစ်ရပ်မှာ လက်နက်အင်အား ၊ လူအင်အား မမျှဖြစ်ခဲ့ရပါတယ်” လို့ ကော့သောင်းအခြေစိုက် ရဲဘော် နောက်တစ်ဦးက ပြောပြပါတယ်။
ဒီကနေ့မနက်ပစ်ခတ်မှုမှာ စစ်ကောင်စီဘက်ကလည်း ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့ပေမဲ့ အသေးစိတ်အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့ မြေပြင်ရဲဘော်တွေကဆိုပါတယ်။
ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်၊ မာရမ်းဒေသဟာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ မကြာခဏတိုက်ပွဲဖြစ်ပွားလေ့ရှိတဲ့ ဒေသဖြစ်ပြီး မာရမ်းရွာရဲစခန်းကုန်းမှာ လက်ရှိတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ အရင်က ဝိုင်ဒင်းကျေးရွာမှာ တပ်စွဲနေရာကနေ နောက်ဆုတ်ထားတာဖြစ်တယ်လို့ မြေပြင်တော်လှန်ရေးရဲဘော်တွေဆီကသိရှိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ပထမပတ်က ဝိုင်ဒင်းကျေးရွာအနီးမှာ အမှတ် ၂၀ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ ၂၀) လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့ တွေ နဲ့ ကော့သောင်းပကဖ၊ ဘုတ်ပြင်းပကဖ၊ KTLA တို့ ပါဝင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ဖူးတယ်လို့ မြေပြင်ရဲဘော်တွေနဲ့ ဒေသခံတွေဆီကသိရပါတယ်။
ဝိုင်ဒင်းကျေးရွာ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်ကနေ ဝိုင်ဒင်းကျေးရွာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ပြည်သူပိုင် နေအိမ် ၆ ဆောင်နဲ့ ဥယျာဥ်ခြံတစ်ခြံ မီးလောင်ပျက်ဆီးခဲ့ရတယ်လို့ ဝိုင်ဒင်းရွာဒေသခံက ပြောပြပါတယ်။
The Tanintharyi Times
