ထားဝယ်မှာ စစ်ကောင်စီစစ်ကြောင်းက ဖမ်းခေါ်သွားတဲ့အရပ်သားလေးဦး တစ်ပတ်ကျော်တဲ့အထိအဆက်သွယ်မရ
ထားဝယ်မှာ စစ်ကောင်စီစစ်ကြောင်းက ဖမ်းခေါ်သွားတဲ့အရပ်သားလေးဦး တစ်ပတ်ကျော်တဲ့အထိအဆက်သွယ်မရ
ထားဝယ်မြို့နယ်၊ အရှေ့တောမှာ စစ်ကောင်စီစစ်ကြောင်းကဖမ်းခေါ်သွားတဲ့ ဒေသခံစစ်ဘေးရှောင်လေးဦး တစ်ပတ်ကျော်ကြာတဲ့အထိပြန်လွတ်မလာသေးဘူးလို့ မိသားစုဝင်တွေကပြောပါတယ်။
အခုလ ၉ ရက်နေ့က ကျောက်မဲတောင်ရွာဘက်ကနေ မေတ္တာဘက်ကိုသွားတဲ့စစ်ကောင်စီစစ်ကြောင်းဟာ ကလစ်ကြီးရွာအနီးက ချောင်းထဲမှာငါးရှာနေတဲ့ အမျိုးသမီးတစ်ဦးနဲ့ အမျိုသားသုံးဦးကို ဖမ်းဆီးသွားတာပါ။
ဖမ်းဆီးခံရသူတွေကတော့ ၁၈ နှစ်အရွယ် ကိုမြင့်မြတ်အောင်၊ အသက် ၂၉ နှစ်အရွယ် ကိုလင်းထက်ကျော်စွာ၊ အသက် ၃၀ ကျော်အရွယ် ကိုဝင်းဇော်လေးနဲ့ မဝင်းသန်းတို့ဖြစ်ပါတယ်။
“စားစရာသောက်စရာမရှိလို့ ငါးသွားရှာကြတာ။ ဒီနေ့အထိဘာသတင်းမှကို မရပါဘူး။ ကျမမှာသားတစ်ယောက်ပဲရှိတာပါ။ ငိုနေရုံပဲတတ်နိုင်တော့တယ်ရှင်” လို့ ကိုလင်းထက်ကျော်စွာရဲ့ မိခင်ဖြစ်သူကပြောပါတယ်။
ဖမ်းဆီးခံရသူတွေဟာ တိုက်ပွဲနဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် တောင်သုံးလုံးရွာကနေ ကလစ်ကြီးရွာဘက်က ဥယျာဥ်ခြံတွေထဲမှာ စစ်ဘေးလာရှောင်နေသူတွေဖြစ်ပါတယ်။
စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးခေါ်ဆောင်သွားတာကိုတော့ အနီးအနားမှာရှိနေတဲ့သူတချို့ကမြင်လိုက်တာလို့ ဖမ်းဆီးခံရသူရဲ့ မိခင်ဖြစ်သူကဆိုပါတယ်။
အဲဒီဒေသခံလေးဦးကိုဖမ်းဆီးပြီး ရှေ့ဆက်သွားတဲ့စစ်ကြောင်းဟာ အခုလ ၁၀ ရက်နေ့ကစလို့ ၁၅ ရက်နေ့အထိ မေတ္တာမြို့တဝိုက်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။
အဲဒီတိုက်ပွဲတွေဖြစ်ပွားပြီးနောက် အခုလ ၁၅ ရက်နေ့က တော်လှန်ရေးတပ်တွေ နယ်မြေရှင်းလင်းချိန်မှာလည်း စစ်ကောင်စီတပ်က လမ်းမှာပေါ်တာဆွဲဖမ်းဆီးလာသူတွေထဲက သေနတ်ဒဏ်ရာနဲ့သေဆုံးနေတဲ့ကလေးငယ်တစ်ဦးနဲ့ ဒဏ်ရာရရှိသူနှစ်ဦးကိုတော်လှန်ရေးတပ်တွေကတွေ့ရှိခဲ့ပါတယ်။
သေဆုံးတဲ့ကလေးငယ်နဲ့ ဒဏ်ရာရသူနှစ်ဦးဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကိုတော့ မသိရသေးပါဘူးလို့ KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားကဆိုပါတယ်။
ဖမ်းဆီးခံရသူတွေထဲက တချို့ကိုစစ်ကောင်စီတပ်ကပစ်သတ်လိုက်ပြီဆိုတဲ့သတင်းတွေလည်း ထွက်ပေါ်နေတာကြောင့် စိတ်ပူနေရတယ်လို့ မိသားစုဝင်တွေကပြောပါတယ်။
ထားဝယ်မြို့နယ်၊ အရှေ့တောဒေသမှာ ပြီးခဲ့တဲ့လကစလို့ KNLA၊ KTLA၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေအပြင်းအထန် ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ကလည်း တိုက်လေယာဉ်တွေ ရဟတ်ယာဉ်တွေနဲ့ အကြိမ်ရေအများအပြားဗုံးကြဲတိုက်ခိုက်တာတွေလုပ်ဆောင်နေပါတယ်။
The Tanintharyi Times
