မေတ္တာမှာ တိုက်ပွဲအပြီး နယ်မြေရှင်းလင်းချိန် သေနတ်မှန်ထားတဲ့ ကလေးငယ်အလောင်းနဲ့ ပေါ်တာဆွဲခံထားရတဲ့ အမျိုးသားနှစ်ဦးတွေ့
မေတ္တာမှာ တိုက်ပွဲအပြီး နယ်မြေရှင်းလင်းချိန် သေနတ်မှန်ထားတဲ့ ကလေးငယ်အလောင်းနဲ့ ပေါ်တာဆွဲခံထားရတဲ့ အမျိုးသားနှစ်ဦးတွေ့
ထားဝယ်မြို့နယ်၊ မေတ္တာမြို့ကတိုက်ပွဲအပြီး တော်လှန်ရေးတပ်ဖွဲတွေဘက်က နယ်မြေရှင်းလင်းချိန် သေနတ်ဒဏ်ရာတွေနဲ့ ကလေးငယ်ရဲ့အလောင်းတစ်လောင်းတွေ့ခဲ့တယ်လို့ KNU တပ်မဟာ (၄) ရဲ့ မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားကပြောပါတယ်။
အရှေ့တောဒေသ၊ မေတ္တာမြို့တဝိုက်မှာ အခုလ ၁၀ ရက်ကစလို့ ၁၅ ရက်နေ့အထိ စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ခြောက်ရက်ဆက် တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွါးခဲ့တာပါ။ အဲ့ဒီတိုက်ပွဲအပြီး နယ်မြေရှင်းလင်းချိန်မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အသက် ၁၂ နှစ်ဝန်းကျင်အရွယ် ကလေးငယ်ရဲ့အလောင်းကို စစ်ကောင်စီတပ်သားတွေဆုတ်ခွာသွားတဲ့နေရာမှာ တွေ့ရှိခဲ့တာလို့ အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောပါတယ်။
“စစ်တပ်က ဒီကလေးကို ပေါ်တာဆွဲပြီး စစ်ကြောင်းနဲ့ အတူတူ ခေါ်လာတာပါ။ ဒိုင်းပုံစံ ခေါ်လာတာပေါ့။ ဒီကလေး ဘယ်သူဘယ်ဝါဖြစ်တယ်၊ ဘယ်ရွာက ဖမ်းလာတယ်ဆိုတာတော့ မသိရဘူး” လို့ အတွင်းရေးမှူးက ပြောပါတယ်။
အဲဒီကလေးငယ်ကို စစ်ကောင်စီတပ်ပစ်သတ်ခဲ့တာလို့ မြေပြင်မှာရှိတဲ့ တော်လှန်ရေးရဲဘော်တွေက ဆိုပေမဲ့ တိုက်ပွဲအတွင်းဖြစ်တာကြောင့် သေဆုံးရတဲ့အကြောင်းအရင်းအသေးစိတ်ကို မသိရဘူးလို့လည်း ပဒိုအယ်နားက ဆက်ပြောပါတယ်။
သေဆုံးသွားတဲ့ ကလေးငယ်နဲ့အတူ ပေါ်တာဆွဲခံထားရတဲ့ အမျိုးသားနှစ်ဦးကိုလည်း ဒဏ်ရာတွေနဲ့ တွေ့ရှိရတာကြောင့် တော်လှန်ရေးတပ်တွေက ကယ်ဆယ်ပြီး ဆေးကုသမှုတွေလုပ်ဆောင်ပေးနေတယ်လို့ ပဒိုအယ်နားရဲ့ပြောပြချက်အရ သိရပါတယ်။
ခြောက်ရက်ဆက်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာတော့ စစ်ကောင်စီတပ်ဘက်က ၁၆ ဦးထက်မနည်းသေဆုံးပြီး ၂၀ ဦးထက်မနည်းလည်း ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ KNLA ပူးတွဲတပ်ရင်းမှူး စောမှူးဂေရဲ့ ပြောပြချက်အရသိရပါတယ်။ တော်လှန်ရေးတပ်တွေဘက်ကလည်းသုံးဦးကျဆုံးပြီး ဒဏ်ရာရရှိသူတချို့ရှိခဲ့တယ်လို့ သူကဆိုပါတယ်။
စစ်ကောင်စီတပ်ကတော့ တိုက်ပွဲခြောက် ရက်ဆက် ဖြစ်ပွါးခဲ့တဲ့ မေတ္တာမြို့တဝိုက်ကို တိုက်လေယာဥ်တွေ၊ ရဟတ်ယာဥ်တွေ အသုံးပြုပြီး ၁၂ ကြိမ် အနည်းဆုံး ဗုံးကြဲခဲ့ပါတယ်။
စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် မေတ္တာမြို့ပေါ်မှာ နေအိမ်ခြောက်ဆောင်ထက်မနည်းပျက်စီးခဲ့ပြီး မြို့ခံတွေလည်းတယောက်မကျန် ထွက်ပြေးတိမ်ရှောင်နေကြတယ်လို့ တော်လှန်ရေးရဲဘော်တွေဆီက သိရပါတယ်။
The Tanintharyi Times
