လေကြောင်းဗုံးကြဲခံရတဲ့ မေတ္တာမြို့မှာနေအိမ်အများအပြားပျက်စီး

လေကြောင်းဗုံးကြဲခံရတဲ့ မေတ္တာမြို့မှာနေအိမ်အများအပြားပျက်စီး

ပုံစာ - မေတ္တာမြို့ထဲက ဗုံးထိမှန်ပြီးပျက်စီးနေတဲ့နေအိမ်တွေ။ Photo - Kwe ka lu news

ထားဝယ်မြို့နယ်၊ မေတ္တာမြို့ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ အကြိမ်ကြိမ်ဗုံးကြဲခဲ့တာကြောင့် နေအိမ်အများအပြားထိခိုက်ပျက်စီးခဲ့တယ်လို့ KNU တပ်မဟာ (၄) တာဝန်ရှိသူနဲ့ ဒေသခံတွေကဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ အခုလ ၄ ရက်နေ့နဲ့ ၆ ရက်နေ့တွေမှာ မေတ္တာမြို့ထဲကို တိုက်လေယာဥ်၊ ရဟတ်ယာဥ်တွေနဲ့ ငါးကြိမ်အထိဗုံးသီးတွေကြဲချခဲ့တာပါ။

KNU တပ်မဟာ (၄)ရဲ့ မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ဗုံးကြဲခံရတဲ့ မေတ္တာမြို့ထဲမှာနေအိမ် ၅ ဆောင် ပြိုကျတာ၊ မီးလောင်တာကြောင့် လုံးဝပျက်စီးခဲ့ပြီး တစိတ်တပိုင်းပျက်စီးတဲ့နေအိမ်တွေလည်း အများအပြားရှိတယ်လို့ ဆိုပါတယ်။

“ဗုံးထိသွားတဲ့အိမ်တွေက မြို့ထဲကပါပဲ။ ဒီတနေရာတည်းကိုပဲ ထပ်ခါထပ်ခါလာကြဲသွားတာ။ မြို့ကလည်း ငယ်ငယ်လေးလေ။ မီးလောင်သွားတဲ့အိမ်တွေကလည်း ဗုံးသီးလာကျပြီးထလောင်တာပါပဲ” မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားကပြောပါတယ်။

လေယာဥ်နဲ့ဗုံးကြဲတာတွေအပြင် မေတ္တာမြို့ဗျူဟာကုန်းကနေ မေတ္တာမြို့ထဲကနေအိမ်တွေဘက်ကို လက်နက်ကြီးတွေနဲ့လည်း မကြာခဏပစ်ခတ်နေတယ်လို့ ဒေသခံတွေကဆိုပါတယ်။

အခုလ ၄ ရက်နေ့ကဗုံးကြဲခံရမှုကြောင့် မေတ္တာမြို့ထဲက ဒေသခံအမျိုးသားတစ်ဦး ဗုံးစထိမှန်ပြီး မျက်စိကွယ်သွားတယ်လို့ ပဒိုအယ်နားကဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ နှစ်ဖက်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားတာမျိုးမရှိဘဲ အခုလိုဗုံးကြဲနေတာဟာ သူတို့ထိန်းချုပ်လို့မနိုင်တဲ့နေရာတွေဖြစ်လို့ လာကြဲနေတာလို့ ယူဆကြောင်းပြောပါတယ်။

မေတ္တာမြို့ပေါ်မှာတော့ ဒေသခံတွေအားလုံးနီးပါးကတော့ စစ်ဘေးရှောင်နေရပြီး အမျိုးသားတွေကပဲ အိမ်စောင့်သဘောအဖြစ် ကျန်ရစ်ခဲ့တယ်လို့သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီလကုန်ပိုင်းကစလို့ တနင်္သာရီတိုင်းထဲက ထားဝယ်၊ သရက်ချောင်း၊ တနင်္သာရီ၊ ပုလောနဲ့ ကျွန်းစုမြို့နယ်တွေမှာလေကြောင်းကနေ ဗုံးကြဲတာတွေဆက်တိုက်လုပ်ဆောင်လာတာပါ။ အဲဒီဗုံးကြဲမှုကြောင့် အရပ်သားပြည်သူနှစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ဆယ်နဲ့ချီရှိခဲ့ပါတယ်။

ထားဝယ်မြို့နယ်အရှေ့တောဒေသကတော့ လေကြောင်းကဗုံးကြဲခံရမှုအများဆုံးဖြစ်ပြီး ပြီးခဲ့တဲ့သုံးပတ်အတွင်း တိုက်လေယာဥ်၊ ရဟတ်ယာဥ်တွေနဲ့ ဆယ်ကြိမ်အထိဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

အဲဒီလိုလေကြောင်းက ဗုံးကြဲတာအပြင် လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် မေတ္တာမြို့အပြင် အရှေ့တောဒေသက ကျောက်မဲတောင်၊ တောင်သုံးလုံးနဲ့ ရွှေချောင်းရွာတွေမှာ ဆေးရုံ၊ ဓမ္မရုံ၊ ဘုန်းကြီးကျောင်း၊ ဗလီနဲ့ နေအိမ်အများအပြားလည်းထိခိုက်ပျက်စီးခဲ့ပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီလလယ်ကစပြီး တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ အရှေ့တောဒေသဟာ လက်ရှိမှာလည်း KNLA၊ PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ နှစ်ဖက်စစ်ရေးတင်းမာနေဆဲဖြစ်ပြီးကြောင့် မနေ့ကအထိလည်း ရဟတ်ယာဥ်တွေဝဲနေတုန်းပဲလို့ ဒေသခံတွေကဆိုပါတယ်။

အဲဒီလိုစစ်ရေးအခြေအနေကြောင့် အရှေ့တောဒေသမှာ နေအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသူ ၇၀၀၀ ကျော်ရှိတယ်လို့ မြိတ်-ထားဝယ်ခရိုင်အတွင်း​ရေးမှူးပဒိုအယ်နားက ဆိုပါတယ်။ အလားတူ အခုလအတွင်း ၄ ကြိမ်ထက်မနည်းလေကြောင်းက ဗုံးကြဲခံရတဲ့ သရက်ချောင်းမြို့နယ်မှာလည်း ဒေသခံထောင်နဲ့ချီ နေအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

The Tanintharyi Times