KNU တပ်မဟာ ၅နယ်မြေမှာ စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲလို့ ကျေးရွာတွေက စာသင်ကျောင်းတွေအပါအဝင် လူနေအိမ်အများအပြား မီးလောင်ပျက်စီး

KNU တပ်မဟာ ၅နယ်မြေမှာ စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲလို့ ကျေးရွာတွေက စာသင်ကျောင်းတွေအပါအဝင် လူနေအိမ်အများအပြား မီးလောင်ပျက်စီး

ဓါတ်ပုံ - KNU

ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်းအရုံး (KNU)ထိန်းချုပ်နယ်မြေ တပ်မဟာ ၅နယ်မြေအတွင်းက ကျေးရွာတွေကို အာဏာသိမ်းစစ်ကောင်စီတပ်က ၂ရက်တာအတွင်း တိုက်လေယာဉ် ၆စင်းနဲ့ လာရောက်ဗုံးကြဲခဲ့လို့ ကျေးရွာတွေအတွင်းက စာသင်ကျောင်းတွေအပါအဝင် လူနေအိမ်အများအပြား မီးလောင်ပြာကျ ပျက်စီးသွားတယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၄ရက်နဲ့ ၁၅ရက် ၂ရက်တာအတွင်း KNU ထိန်းချုပ်နယ်မြေ တပ်မဟာ ၅ မူတြော်ခရိုင်၊ လူသောမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တာလို့ KNUက ဆိုပါတယ်။

လူသောမြို့နယ်၊ ဒေဘုနိုကျေးရွာအတွင်းကို ဖေဖော်ဝါရီလ ၁၄ရက် ည ၁၀နာရီအချိန်ခန့်က တိုက်လေယာဉ် ၃စင်းနဲ့ ဗုံး ၆လုံးကြဲချခဲ့တာဖြစ်ပြီး ကျေးရွာအတွင်းက လူနေအိမ် ၆လုံး ထိမှန်ကာ မီးလောင်ပြာကျသွားတယ်လို့ ဆိုပါတယ်။

ထပ်မံပြီး ဖေဖော်ဝါရီလ ၁၅ရက် ည ၁၁နာရီခွဲ အချိန်ခန့်မှာ လူသောမြို့နယ်၊ ပေးကေးဒဲကျေးရွာအုပ်စု အတွင်းက ထော့ထီးပယ်ကျေးရွာကို တိုက်လေယာဉ် ၃စင်းက ဗုံး၆လုံး ကြဲချခဲ့လို့ အဆောက်အဦး ၇လုံးပါရှိတဲ့ စာသင်ကျောင်း ၁ကျောင်း၊ နေအိမ် ၆လုံး၊ ဈေးဆိုင် ၃ဆိုင်နဲ့ စပါးကျီ ၂လုံး ဗုံးထိမှန်ပြီး မီးလောင်ပြာကျသွားတယ်လို့ ဆိုပါတယ်။

အဆိုပါ ဗုံးကြဲမှုအတွင်း စာသင်ကျောင်းနဲ့ နေအိမ်မီးလောင်ပျက်စီးမှုတွေအပါအဝင် လယ်ထွန်စက် ၄စီး၊ ဆိုင်ကယ် ၂စီး၊ အင်တာနက်ဝိုင်ဖိုင်စလောင် ၁ချပ်နဲ့ ဆန်စက် ၁လုံးလည်း ထိခိုက်ပျက်စီးခဲ့လို့ ကာလတန်ဖိုး ထိုင်းဘတ်ငွေ ၃သန်းဖိုးကျော် ဆုံးရှုံးသွားခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU)ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Connect Burma

The Tanintharyi Times