ဆူညံနေတဲ့ ဆံပင်ရှည်
ဆူညံနေတဲ့ ဆံပင်ရှည်
တွဲဝတ်တဲ့ဖက်ရှင်ကလည်း
တောထဲမှာ ရိုးသွားပြီဆိုတော့
ငါဟာ
ဘောလုံးဘောင်းဘီ ကြက်တောင်စည်းနဲ့ ဟစ်ပီ
စီးကရက်နဲ့ စတိုင်ပင်တွေ မရှိတဲ့
ရွက်ဖျင်တဲလေးမှာ
ပြောင်းဖူးဖက်ထဲ အသက်ကိုထည့်
မီးခိုးထွက်အောင် မှုတ်ထုတ်ခဲ့
မြို့ပြညများကို ထားရစ်ပြီး
ငါ့ကို တိုက်ခတ်လာတဲ့ ကျေးလက်လမ်းကလေးနဲ့
နှစ်ဦးသဘောတူပေါင်းသင်းနေထိုင်
တောအုပ်ထဲ မျောခုတ်သွားခဲ့တယ်
ဝီစကီနဲ့ ကိုကာကိုလာကို မတတ်နိုင်တဲ့
တန်ဖိုးနည်းအရက်ဆိုင်လေးမှာ
အရင်းအနှီးများတဲ့ ခေတ်ကြီးကို
ဈေးဆစ်ကြည့်လို့ကမရ
ခုတ်သားစတွေ ရွာချထားတဲ့
ကောင်းကင်တခုရဲ့ ညနေလို
သွေးတွေပန်းထွက် သိပ်လှတဲ့ ကမ္ဘာ
အဲ့ဒီဘက်ဝိုင်းကိုတော့
ဘာမှပြောစရာမရှိပါ
ဆုံးမစကားတွေ မကြားရတော့လည်း
စုန်းမများနဲ့တောင် ပျော်ချင်သလိုလို
တဖက်ငါးရာ နတ်ဘုံနတ်နန်းက အဝေးကြီး
အဖန်ငါးရာငါးကမ္ဘာကသာ ငါတို့နဲ့ပိုနီးတယ်
ဘုရားသခင်နဲ့ အလိုမတူလို့
မာရ်နတ်ကို ငွေပေးပေါင်းတဲ့ကောင်တွေတောင်
ခေါင်းထောင်လာကြပြီ
တိုင်းပြည်က ရှေ့ဆက်ပျက်စီးဦးမှာပါ
သားချော့တေးတွေမရှိတဲ့ ငါတို့ဆီမှာ
လေယာဉ်ပျံကြီးလာနေပြီ
စစ်ကားကြီးလာနေပြီဆိုတာနဲ့
ကလေးအငိုတိတ်ရ
သေနတ်နဲ့ပစ်လို့
ကြယ်တွေကြွေတာ မြင်ဖူးခဲ့ပြီပဲ
သိပ္ပံပညာဟာ ဒီ့ထက်ထပ်မလိုတော့ပါဘူး
ထုံးထားတဲ့ ဆံပင်တွေဖြည်ချဖို့
စစ်ကြီးတခုလုံးနဲ့ ရင်းပြီး စောင့်ခဲ့တယ်။
နွေယံ
The Tanintharyi Times
