လက်နက်ကိုင်အဖွဲ့တစ်ခုကဖမ်းဆီးသွားတဲ့ ထားဝယ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း အလောင်းပြန်တွေ့
လက်နက်ကိုင်အဖွဲ့တစ်ခုကဖမ်းဆီးသွားတဲ့ ထားဝယ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း အလောင်းပြန်တွေ့
လက်နက်ကိုင်အဖွဲ့တစ်ခုကဖမ်းဆီးသွားတဲ့ ထားဝယ်မြို့၊ ဆင်ဆိပ်ရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်းကို တစ်ရက်အကြာမှာ အလောင်းပြန်တွေ့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အသက် ၆၀ ဝန်းကျင်အရွယ် ဆင်ဆိပ်ရပ်ကွက်က အုပ်ချုပ်ရေးမှူးဟောင်း ဦးကျော်မြင့်ကို မနေ့ကမနက်ပိုင်းက သူ့ရဲ့နေအိမ်မှာ လက်နက်ကိုင်အဖွဲ့တစ်ခုက လာရောက်ဖမ်းဆီးသွားခဲ့တာပါ။
ဒီနေ့မနက်ပိုင်းမှာတော့ ဦးခေါင်းနဲ့ လက်မောင်းတွေမှာ သေနတ်ထိမှန်ထားတဲ့ဒဏ်ရာတွေနဲ့ အလောင်းကိုပြန်တွေ့ခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။
“အလောင်းကရပြီ။ ဘယ်နေရာမှာပြန်ရလဲတော့ သေချာမသိဘူး။ စစ်သားတွေရဲတွေကလည်း တော်တော်ရှုပ်နေတယ်။ ခေါင်းကတော့ လုံးဝပွင့်ထွက်သွားတယ်” လို့ ဆင်ဆိပ်ရွာခံတစ်ဦးက ပြောပါတယ်။
သူ့ကို ဘယ်အဖွဲ့ကဖမ်းဆီးသွားတယ်ဆိုတာနဲ့ ဘယ်လိုပစ်သတ်ခံရတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
ပစ်သတ်ခံရသူဟာ ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးဖြစ်ပြီး စစ်ကောင်စီတပ်သားတွေနဲ့ နီးစပ်တဲ့သူလို့ဒေသခံတချို့ကဆိုပါတယ်။ အဲဒီပြောဆိုချက်အပေါ်မှာ သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။
သူ့ရဲ့အလောင်းကိုတော့ ဒီနေ့မွန်းလွဲပိုင်းမှာ သဂြိုဟ်မယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
အဲဒီဖြစ်စဥ်ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားတွေကတော့ ဆင်ဆိပ်ရပ်ကွက် လမ်းဆုံတဝိုက်မှာ မနေ့ကတစ်နေကုန်လုံခြုံရေးတင်းကြပ်ခဲ့ပြီး နေအိမ်တွေကို ရှာဖွေတာနဲ့ရပ်ကွက်နေသူတွေကို စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်ခဲ့ပါတယ်။
“ဘီယာဆိုင်ထိုင်နေတဲ့သူတွေကိုတောင် စစ်ကားတစ်စီးလာနားပြီး သေနတ်ဒင်နဲ့ဝင်ရိုက်သွားတယ်” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
ဒီနေ့မှာလည်း ဆင်ဆိပ်ရပ်ကွက်လမ်းဆုံမှာ စစ်ကောင်စီတပ်သားနဲ့ရဲတွေက လုံခြုံရေးဆက်ယူထားပြီး လမ်းသွားလမ်းလာဆိုင်ကယ်တွေကိုတားပြီး ဖုန်းတွေကို စစ်ဆေးတာတွေလုပ်ဆောင်နေတယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။
တနင်္သာရီတိုင်းထဲက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေ၊ စစ်ကောင်စီသတင်းပေးဆိုသူတွေ ပစ်သတ်တဲ့ဖြစ်စဥ်မျိုးတွေဟာ ပြီးခဲ့တဲ့နှစ်တွေထက် အခုနှစ်အတွင်းမှာတော့ သိသိသာသာလျှော့နည်းလာခဲ့ပါတယ်။
ထားဝယ်မြို့ပေါ်မှာလည်း အခုနှစ်အတွင်း စစ်ကောင်စီတပ်သားတွေရဲ့လက်ချက်နဲ့ အရပ်သားသေဆုံးတဲ့ဖြစ်စဥ်တွေရှိခဲ့ပေမဲ့ အခုလိုအခြားလက်နက်ကိုင်အဖွဲ့တစ်ခုက လာရောက်ပစ်သတ်တဲ့ဖြစ်စဥ်မျိုးကတော့ အခုနှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်ပါတယ်။
ဒီနေ့မှာတော့ ထားဝယ်မြို့အဝင်၊ အထွက်ဂိတ်တွေမှာ အရင်နေ့တွေထက် တင်းတင်းကြပ်ကြပ်စစ်ဆေးနေတယ်လို့ ဖြတ်သန်းသွားလာတဲ့ မြို့ခံတွေက ဆိုပါတယ်။
The Tanintharyi Times
