စစ်မှုထမ်းအပတ်စဥ် ၉ အတွက် ထားဝယ်မြို့မှာ ရပ်ကွက်အလိုက် ဆင့်ခေါ်စာပို့နေ
စစ်မှုထမ်းအပတ်စဥ် ၉ အတွက် ထားဝယ်မြို့မှာ ရပ်ကွက်အလိုက် ဆင့်ခေါ်စာပို့နေ
စစ်မှုထမ်းအပတ်စဥ် ၉ အတွက် ထားဝယ်မြို့ပေါ်မှာ လူငယ်တွေကိုစစ်မှုထမ်းဆင့်ခေါ်စာပို့တာတွေ ပြန်လုပ်လာတယ်လို့ မြို့ခံတွေက ပြောပါတယ်။
စစ်ကောင်စီဟာ အစာပိုင်းအပတ်စဥ်တွေအတွက် ပြီးခဲ့တဲ့တဲ့နှစ်လယ်ပိုင်းက ထားဝယ်မြို့ပေါ်မှာ ဆင့်ခေါ်စာပို့တာတွေရှိခဲ့ပေမဲ့ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာတော့ ရပ်ကွက်အလိုက်ဆင့်ခေါ်တာမျိုးမရှိတော့ဘူးလို့ မြို့ခံတွေက ဆိုပါတယ်။
အပတ်စဥ် ၉ အတွက် လူသစ်စုဆောင်းနေတဲ့ အခုလအတွင်းမှာတော့ မြို့ပေါ်ရပ်ကွက်တွေမှာ တစ်ရပ်ကွက်ကို ငါးဦးကနေ သုံးဦးကြားအမျိုးမျိုး ဆင့်ခေါ်စာပို့ပြီး ခေါ်ယူနေတယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။
“ကျမတို့ရပ်ကွက်မှာ သုံးယောက်စာပို့ခံရတယ်။ နာမည်နဲ့တခါတည်းလာတာ။ တစ်ယောက်ဆို ကျန်းမာရေးမကောင်းလို့ အိပ်ရာထဲကတောင်မထနိုင်ဘူး။ ဒါတောင်မှ စာရောက်လာတယ်” လို့ ဘုမ္မာ်ရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
တနင်္သာရီတိုင်းမ်က ရပ်ကွက်အလိုက်ဆက်သွယ်မေးမြန်းချက်အရ ရပ်ကွက် ၁၅ ခုရှိတဲ့ ထားဝယ်မြို့ပေါ်မှာ ဆင်ပုနစ်၊ ဆန်းချီ၊ ဝဲကျွန်း၊ ကညုံ၊ မြို့သစ်၊ ဘုမ္မော်၊ ကြက်စားပြင်နဲ့ အိမ်ရှေ့ပြင်ရပ်ကွက်တွေမှာ ဆင့်ခေါ်စာပို့ခံရတယ်လို့ ရပ်ကွက်နေသူတွေကပြောပါတယ်။
ကျန်တဲ့ရပ်ကွက်မှာတော့ ခေါ်ယူတာမျိုးမကြားရဘူးလို့ ရပ်ကွက်နေသူတွေက ဆိုပါတယ်။
မြောက်ရွာရပ်ကွက်မှာနေထိုင်သူတစ်ဦးကတော့ “ကျနော်တို့ ရွာထဲမှာတော့ မကြားရသေးဘူး။ လူမသိတာလည်းဖြစ်နိုင်တယ်ဗျ။ စာပို့ခံရလည်း တိုးတိုးတိတ်တိတ်ပဲဖြေရှင်းကြတာ” လို့ ပြောပါတယ်။
မြို့ခံတချို့ကတော့ မြို့ပေါ်ကရပ်ကွက်အားလုံးကိုခေါ်ယူတာလို့ ပြောပေမဲ့ တနင်္သာရီတိုင်းမ်က သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။
စစ်မှုထမ်း ဆင့်ခေါ်စာပို့ခံရတဲ့သူတွေကို ထားဝယ်မြို့ပေါ်က စုပေါင်းရုံးကို ခေါ်ယူထားတယ်လို့ သိရပါတယ်။
ရပ်ကွက်အလိုက် ဆင့်ခေါ်စာပို့ခံရသူတွေထဲမှာ ပြည်ပနိုင်ငံတွေမှာ နှစ်နဲ့ချီပြီး အလုပ်လုပ်ကိုင်နေသူတွေလည်းပါတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
စစ်မှုထမ်း ဆင့်ခေါ်စာပို့တာတွေအပြင် အခုလအတွင်း မြို့ပေါ်ရပ်ကွက်တွေမှာ ဧည့်စာရင်းစစ်ဆေးဖမ်းဆီးတာတွေကိုလည်း စစ်ကောင်စီက တင်းတင်းကြပ်ကြပ် လုပ်ဆောင်နေပါတယ်။
အဲဒီအခြေအနေတွေကြောင့် ထားဝယ်မြို့ပေါ်မှာ ညဦးပိုင်းကတည်းက လမ်းသွားလမ်းလာတွေနည်းပါးသွားသလို စျေးဆိုင်တွေလည်း စောစောပိတ်ထားတယ်လို့ မြို့ခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။
စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေကြေညာပြီးနောက် ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်မှုထမ်းအပတ်စဥ် ၈ ကိုသင်တန်းစပေးခဲ့ပြီး လက်ရှိမှာတော့ အပတ်စဥ် ၉ အတွက် တပ်သားစစ်စုဆောင်းတာတွေ ကိုတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်ဆောင်နေတာဖြစ်ပါတယ်။
The Tanintharyi Times
