KIA စစ်ဦးစီးချုပ် ကွယ်လွန်သွားတာ ပြည်သူလူထုအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုလို့ ညီနောင်မဟာမိတ် ၃ ဖွဲ့ ပြော
KIA စစ်ဦးစီးချုပ် ကွယ်လွန်သွားတာ ပြည်သူလူထုအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုလို့ ညီနောင်မဟာမိတ် ၃ ဖွဲ့ ပြော
ကချင်လွတ်လပ်ရေးတပ်မတော် KIA စစ်ဦးစီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်း ကွယ်လွန်သွားတာဟာ အဖိနှိပ်ခံ ပြည်သူလူထုများ၊ ကချင်ပြည်နဲ့ ကချင်လူမျိုးများအတွက် ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်တယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ပါတယ်။
အာရက္ခတပ်တော် AA ၊ တအာင်းတပ်မတော် TNLA နဲ့ ကိုးကန့်တပ်မတော် MNDAA တို့ ညီနောင်မဟာမိတ် ၃ ဖွဲ့ဟာ ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်း ကွယ်လွန်သွားခြင်းအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပြီး စစ်ဦးစီးချုပ်ရဲ့ မိသားစုတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ မိခင်အဖွဲ့အစည်းနဲ့ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါတယ်လို့ ဆိုပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်းဟာ လက်ရှိ စစ်ရေး နိုင်ငံရေး အခင်းအကျင်းထဲ စစ်ရေးမျက်နှာပြင်ထက်မှာ စစ်ရေးတာဝန်တွေကို အဓိက တာဝန်ယူခဲ့သူတဦး ဖြစ်ပြီး KIA ရဲ့ လက်ရှိ စစ်ရေးအောင်မြင်မှုတွေဟာ အခရာကျတဲ့သူအဖြစ် ဂုဏ်ပြုအပ်တယ်လို့ ညီနောင် ၃ ဖွဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA စစ်ဦးစီးချုပ်၊ အမှတ် ၁ စစ်ဒေသ၊ စစ်ဒေသမှူးဖြစ်သူ ဒု ဗိုလ်ချုပ်ကြီး ခေါင်လွမ်းဟာ တော်လှန်ရေးတာဝန်တွေကို ထမ်းဆောင်ရင်း မေလ ၁၃ ရက်နေ့ ညနေပိုင်းက KIA ဌာနချုပ် လိုင်ဇာမြို့မှာ အသည်းရောဂါနဲ့ ကွယ်လွန်သွားတာ ဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၆၂ နှစ်ရှိပြီ ဖြစ်ပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်းဟာ KIA မှာ တော်လှန်ရေးတာဝန်ကို စတင်ထမ်းဆောင်ခဲ့တဲ့ ၁၉၈၈ နောက်ပိုင်းမှစပြီး ကွယ်လွန်ချိန်အထိ တော်လှန်ရေးတာဝန်တွေကို အားသွန်ခွန်စိုက် တစိုက်မတ်မတ် ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး ဘေ့စ်ဂီတာ တီးခတ်တဲ့ ဂီတအနုပညာရှင်တဦး ဖြစ်သလို ဟာသပြောတတ်တဲ့ ကချင်ဗိုလ်ချုပ်များအုပ်စုထဲက တဦးဖြစ်တဲ့အပြင် လူချစ်လူခင်ပေါများသူတဦး ဖြစ်တယ်လို့ ဝမ်းနည်းခြင်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
စကားကို တဲ့တိုးပြောတတ်သူ ဖြစ်ပေမယ့် အလုပ်ကို အတူတကွ ပူးတွဲလုပ်ဆောင်ချိန်တွေမှာ တာဝန်ခံမှု တာဝန်ယူမှု ကောင်းသော ဗိုလ်ချုပ်အဖြစ် မှတ်ကျောက်တင်ခံရသူ ဖြစ်တယ်လို့ ညီနောင် ၃ ဖွဲ့က ဆိုပါတယ်။
KIA စစ်ဦးစီးချုပ်ရဲ့ ကချင်အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှု ကာလအတွင်း အနစ်နာခံ၊ ပေးဆပ်စွန့်လွှတ်မှုနဲ့ လုပ်ဆောင်ချက်တွေကို လေးနက်စွာ တန်ဖိုးထား ဂုဏ်ပြုလျက် ကောင်းရာဘုံဘဝရောက်စေကြောင်း ဆုမွန်ကောင်းတောင်းလိုက်တယ်လို့ AA ၊ TNLA ၊ MNDAA တို့ ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ဝမ်းနည်းကြောင်း သဝဏ်လွှာမှာ ရေးသားဖော်ပြထားပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော် KIA စစ်ဦးစီးချုပ်ဒုတိယဗိုလ်ချုပ်ကြီးခေါင်လွမ်း ခေါင်လွမ်း ကွယ်လွန်ခြင်းအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကလည်း မနေ့က ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီးခေါင်လွမ်းဟာ NUG ရဲ့ စစ်ရေးမျက်နှာပြင်စစ်ဒေသတွေထဲက အမှတ် ၁ စစ်ဒေသမှူးအဖြစ်လည်းတွဲဖက်တာဝန်ယူထားတာရှိတယ်လို့ သိရပါတယ်။

The Tanintharyi Times
