ကိုးကန့်တပ် တည်ထောင်ခြင်း အခမ်းအနားကို ဇာတိမြေပေါ် ပြန်လည်ကျင်းပနိုင်ခွင့် ရခဲ့ပြီလို့ ညီနောင်မဟာမိတ်တွေ ဆို
ကိုးကန့်တပ် တည်ထောင်ခြင်း အခမ်းအနားကို ဇာတိမြေပေါ် ပြန်လည်ကျင်းပနိုင်ခွင့် ရခဲ့ပြီလို့ ညီနောင်မဟာမိတ်တွေ ဆို
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် အနေနဲ့ စစ်ရေးရည်မှန်းချက်အတိုင်းအတာတခုထိအောင်မြင်ခဲ့လို့ တပ်တည်ထောင်ခြင်း ၃၅ နှစ်ပြည့်အခမ်းအနားကို ဇာတိမြို့မှာကျင်းပနိုင်ခဲ့ပြီလို့ မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ဝင်တွေဖြစ်တဲ့ AA နဲ့ TNLA က ဆိုပါတယ်။
ကိုးကန့်တပ်မတော် MNDAA ကို TNLA နဲ့ AA တို့ ပူးတွဲပေးပို့တဲ့ ဂုဏ်ပြုသဝဏ်လွှာမှာ အခုလို ထည့်သွင်းပြောဆိုထားတာပါ။
ကိုးကန့်တပ်မတော်ဟာ ၁၄ နှစ်တာကာလအတွင်း ညီနောင်မဟာမိတ်တွေ ဖြစ်တဲ့ တအာင်းတပ်မတော် TNLA၊ ရက္ခိုင့်တပ်တော် AA တို့ နှစ်ဖွဲ့အပြင် ဘဝတူ ဘုံရည်ရွယ်ချက်တူ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အတူ စစ်ရး နိုင်ငံရေး ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ရင်း အတူတကွ လက်တွဲတိုက်ပွဲဝင်ခဲ့တယ်လို့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
ကိုးကန့်တပ်မတော် စတင်တည်ထောင်ခဲ့တဲ့ ၁၉၈၉ ခုနှစ် မတ်လ ၁၁ ရက်နေ့ကနေ ၂၀၀၉ ခုနှစ် ဩဂုတ် ၈ ရက်နေ့ မတိုင်ခင်အထိကို ကိုးကန့်ရွှေရောင်ကာလ၊ ၂၀၀၉ ခုနှစ်ကနေ ၂၀၂၄ ဇန်နဝါရီအထိကို ကိုးကန့်အိမ်ပြန်ခရီးကြိုးပမ်းကာလ၊ တော်လှန်ရေးကာလလို့ မှတ်ယူနိုင်ပြီး လာမယ့်ကာလမှာ ကိုးကန့်ဒေသ ပြန်လည်တည်ဆောက်ရေးအတွက် စိန်ခေါ်မှုပေါင်းများစွာကို ရင်ဆိုင်ရဦးမှာ ဖြစ်သလို တခေတ်တခါက ကိုးကန့်အခြေအနေကို ပြန်လည်ရောက်ရှိလာနိုင်မှာကိုလည်း ယုံကြည်ကြောင်း TNLA၊ AA တို့က ဆိုပါတယ်။
လွန်ခဲ့တဲ့ ၁၄ နှစ်၊ ၂၀၀၉ ခုနှစ် ဩဂုတ် ၈ ရက်နေ့မှာ မြန်မာစစ်တပ်က မူးယစ်ဆေးဝါးနဲ့ လက်နက်တွေ စစ်ဆေးမယ် ဆိုပြီး အထူးဒေသ (၁) ကိုးကန့်နယ်မြေကို တိုက်ခိုက်ခဲ့တာကြောင့် MNDAA အနေနဲ့ နေရာပြောင်းရွှေ့ခဲ့ရပြီး အထူးဒေသ (၁) ပြန်လည်တည်ထောင်ရေးနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပြန်လည်ရရှိရေးကို ရည်မှန်းကာ တော်လှန်ရေးလုပ်ငန်းတွေကို စတင်ဖော်ဆောင်ခဲ့တယ်လို့ ကိုးကန့်သတင်းမီဒီယာမှာ ဖော်ပြပါတယ်။
ရှမ်းမြောက်ဒေသရှိ ညီနောင်မဟာမိတ် ၃ ဖွဲ့တို့ရဲ့ ၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်း ဇန်နဝါရီလ ၅ ရက်နေ့မှာတော့ MNDAA ဟာ ကိုးကန့်ဒေသတခုလုံးကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ညီနောင်မဟာမိတ် ၂ ဖွဲ့အနေနဲ့ စစ်ရေး၊ နိုင်ငံရေး မဟာမိတ်ပီသစွာ ယခင် ယုံကြည်ချက် ရပ်တည်ချက်အတိုင်း အတူရှိနေဦးမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
တအာင်းတပ်မတော် TNLA နဲ့ ရက္ခိုင့်တပ်တော် AA တို့ ပေးပို့တဲ့ ကိုးကန့်တပ်မတော် တည်ထောင်ခြင်း ၃၅ နှစ်မြောက် သဝဏ်လွှာမှာ ၁၀၂၇ စစ်ဆင်ရေးကာလနဲ့ ကိုးကန့်တော်လှန်ရေးကာလတလျှောက် အသက်၊ ဘဝ၊ ခန္ဓာများစွာတို့ကို ပေးဆပ်စွန့်လွှတ် အနစ်နာခံခဲ့ကြသူတွေကို လေးနက်စွာ ဂုဏ်ပြုကြောင်းနဲ့ ကိုးကန့်အဖွဲ့အစည်းက လိုလားတဲ့ နိုင်ငံရေးရည်မှန်းချက်တွေ ပြည့်ဝစေကြောင်း၊ ကိုးကန့်ရွှေရောင်နေ့ရက်တွေ အချိန်တိုအတွင်း ပြန်လည်ရောက်ရှိလာစေကြောင်း ဆန္ဒပြု ထည့်သွင်းရေးသားထားပါတယ်။
The Tanintharyi Times
