KNU ထိန်းချုပ်နယ်မြေက ဘုန်ကြီးကျောင်း နဲ့ ဆေးပေးခန်းကို စစ်တပ်ဗုံးကြဲလို့ အရပ်သား ၃ ဦးသေဆုံးပြီး သံဃာတစ်ပါး ပျံလွန်
KNU ထိန်းချုပ်နယ်မြေက ဘုန်ကြီးကျောင်း နဲ့ ဆေးပေးခန်းကို စစ်တပ်ဗုံးကြဲလို့ အရပ်သား ၃ ဦးသေဆုံးပြီး သံဃာတစ်ပါး ပျံလွန်
ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင် က ဘုန်ကြီးကျောင်း နဲ့ ဆေးပေးခန်းကို စစ်တပ်ကဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၃ ဦးသေဆုံးပြီး သံဃာတစ်ပါး ပျံလွန်ခဲ့တယ်လို့ KNU ဗဟိုကထုတ်ပြန်ထားပါတယ်။
KNU ရဲ့ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ညောင်လေးပင်ခရိုင်၊ ကျောက်ကြီး(လယ်ဒိုမြို့နယ်) လိန်ပင်ကျေးရွာ ကို စစ်တပ်က ဒီဇင်ဘာလ (၁၀)ရက်နေ့ ညပိုင်းမှာ ဂျက်ဖိုက်တာတစ်စင်းဖြင့်ပေါင်၅၀၀ဗုံးသီးတစ်လုံးကြဲ ချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် အသက် ၄၆ နှစ်အရွယ်အမျိုးသား တစ်ဦး သေဆုံးခဲ့ပြီး နေအိမ်တွေ ၊ လယ်ထွန်စက်တွေပျက်စီးကာနွားခြောက်ကောင်လည်း ထိမှန် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီနေ့ တစ်ရက်တည်းမှာပဲ KNU အုပ်ချုပ်နယ်မြေ ရွှေခဲစုကျေးရွှာအတွင်းကို စစ်တပ်ရဲ့ နတ်သံကွင်းအထိုင်တပ် စခန်းကနေ ၁၂၀မမ လက်နက်ကြီး (၃)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အသက်(၄၇)နှစ်ဒေါ်ထွေးထွေး ထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် အရပ်သားတွေ ရဲ့ နေအိမ်တွေ နဲ့ ထော်လာဂျီကားတွေ ပျက်စီးကာနွားတွေလည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အလားတူပဲ ဒီဇင်ဘာလ (၈)ရက်နေ့မှာ ကျောက်စရစ်အရှေ့ဘက် ကမ်းကျေးရွာကို စစ်တပ်ရဲ့ နတ်သံကွင်း အထိုင်စခန်းကနေ ဒရုန်း နဲ့ ကျေးရွာဆေးပေးခန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဆက်လက်ပြီး စစ်တပ်က ပါရာမော်တာ (စက်တပ်လေထီး) နဲ့ ကျောက်စရစ်အနောက်ဖက်ကမ်း ကျေးရွာတွင်းကို ထပ်မံပစ်ခတ်ခဲ့တာကြောင့် ကျေးရွာ ဘုန်းကြီးကျောင်း(၂)လုံးထိမှန်ပျက်စီးပြီး သက်တော် (၇၈)နှစ် အရွယ် ဦးစန္ဒိမာ အမည်ရ သံဃာတစ်ပါးပျံလွန်တော်မူပြီး အသက် ၇၆ အရွယ် ဒေါ်စိန်မှန် ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒီတိုက်ခိုက်မှုကြောင့် အသက် ၁၃ နှစ်အရွယ် မောင်နေဇော်အောင် ထိမှန်ဒဏ်ရာရှိခဲ့တယ်လို့ သိရပါတယ်။
The Tanintharyi Times
