အင်အားကြီးရင် နိုင်သတဲ့လား၊ နောက်တစ်ကြိမ် ထပ်စဉ်းစားကြည့်ပါဦး
အင်အားကြီးရင် နိုင်သတဲ့လား၊ နောက်တစ်ကြိမ် ထပ်စဉ်းစားကြည့်ပါဦး
‘အာဏာရှင်တွေ ထာဝရမတည်မြဲဘူးဆိုတာကို သမိုင်းက သက်သေပြခဲ့ပြီးပါပြီ။’
လီဟျောဆော
စာရေးဆရာမ၊လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ၊
မြောက်ကိုရီးယားကထွက်ပြေး လွတ်မြောက်လာသူ
ကမ္ဘာကျော် Jungle Book ကာတွန်းဇာတ်ကားထဲက ခုံအမြင့်ကြီးပေါ်မှာ တက်ထိုင်ပြီးဂိုက်ပေးကြမ်းတဲ့ မျောက်ဘုရင်လို အာဏာရှင်တွေကို သမိုင်းတလျှောက်မှာ အတော်မြင်ခဲ့ကြရပါတယ်။ လက်ညှိုးနဲ့ ဟိုထိုးဒီထိုးလုပ်၊ အမိန့်တွေပေး၊ ဘေးက မျောက်တစ်ကောင်လောက်ယပ်ခတ်ပေးနေတာကိုပဲ ဘဝင်မြင့်မဆုံးတဲ့သူတွေပါပဲ။
သူတို့ဘေးနားက စာအုပ်တစ်အုပ်ခွဲလောက်ဖတ်ဖူးတဲ့ အကြံပေးဆိုသူက ရေးပေးလိုက်ရင် ကိုယ့်ကိုကိုယ် ပညာကျော်ကြီးလို့ ယူဆပြီး ဝန်ထမ်းတွေကို ခန်းမထဲမှာ ခပ်တည်တည်နဲ့လက်ချာပြန်ရိုက်တဲ့ ဗိုလ်ချုပ်ကြီးတွေပေါ့။ ခရီးသွားလုပ်ငန်းဆိုတာ’မီးခိုးမထွက်တဲ့စက်ရုံ’ တို့၊ ဒီခေတ်က နိုင်ငံတကာမှာ ‘AI’ နဲ့အလုပ်လုပ်နေပြီ တို့၊ ဘာတို့ပေါ့။
တစ်ခါကတော့ ဘောင်းဘီချွတ် တိုင်းပညာရေးမှူးတစ်ဦးက ကျောင်းဆရာတစ်ယောက်ကိုမေးတယ်၊ ‘မင်း NGOဆိုတာ ကြားဖူးလား’တဲ့။ တကယ်တော့ ကျောင်းဆရာက ကြားဖူးတာပေါ့၊ ဒါပေမယ့် ကြားဖူးတယ်လို့ မဖြေရဲဘူး။ ‘အလိုက်တသိ မကြားဖူးပါဘူး’လို့ ဖြေရတယ်။ မြန်မာစာကားမှာ ဆရာစားချန်ရတယ်လို့ ရှိတာကိုး။
ဒီတော့မှ တိုင်းပညာရေးမှူးက “အေး မှတ်ထား၊ NGO ဆိုတာ Non-Governmental Organization လို့ ခေါ်တယ်ကွ’တဲ့။ ကျောင်းဆရာလည်း ဟုတ်သော်ရှိ၊မဟုတ်သော်ရှိ ရေးမှတ်ရတာပေါ့။ နောက်မှသိတယ်၊ အဲဒီပညာရေးမှူးနေပြည်တော်သွားတုန်းက သူ့အထက်က ညွှန်ကြားရေးမှူးက သူ့ကို အဲဒီမေးခွန်းမေးလိုက်တာ မဖြေနိုင်လို့ အကြိမ်းခံလာရတာ။ ဒါတွေဟာအာဏာရှင်နိုင်ငံရဲ့ သရုပ်သကန်ပဲ။
ကမ္ဘာပေါ်မှာ Jungle Book ထဲက မျောက်ဘုရင်တွေ မနည်းလှပါဘူး။ လတ်တလောတော့ ဆီးရီးယားက တစ်ယောက်တော့ လစ်သွားရှာပါပြီ။ ဒီနေရာမှာ အံ့ဩစရာကောင်းတာကတော့ ခုံအမြင့်ကြီးတွေမှာ ထိုင်၊ ဘယ်တိုက်ပွဲကရလာမှန်းမသိတဲ့ ဆုတံဆိပ်တွေ ရင်ဘတ်အပြည့်လျှောက်ချိတ်ပြီး လက်ညှိုးတွေလျှောက်ထိုးနေတဲ့ ဆရာသမားတွေက စစ်တိုက်ရင်တော့ ‘ဗေထိ’ဆိုရင်ကွဲတာပါပဲ။
အာဏာရှင်တွေဟာ စစ်တိုက်တဲ့ပညာမှာဘယ်လို ညံ့ဖျင်းခဲ့ကြပါသလဲ။
ဒီလောက်ပြောင်မြောက်တဲ့ အရည်အသွေးကိုဘယ်လိုပါရမီနဲ့ တည်ဆောက်ခဲ့သလဲဆိုတာဟာ အံ့ဩစရာပါ။ ဆီးရီးယားက အာဆဒ်တို့သားအဖအကြောင်းကိုပြန်သွားကြရအောင်ပါ။
အာဆဒ်သားအဖဟာ ဆီရီးယားစစ်တပ်ကို ပရော်ဖက်ရှင်နယ်ကျကျစစ်တိုက်ဖို့ ပျိုးထောင်ခဲ့တာ မဟုတ်ပါဘူး။ သူတို့စစ်တပ်ကိုပျိုးထောင်ခဲ့တာဟာ သူတို့မိသားစုကို အာဏာမသိမ်းဖို့အတွက်သာ အဓိကဖြစ်ပါတယ်။
လက်ရှိအာဆဒ်ရဲ့အဖေ ဟာဖက်ဇ် အယ်လ်အာဆဒ်ကိုယ်တိုင်က အာဏာသိမ်းပြီး တက်လာသူဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်းမှာ ၁၉၄၅ ခုနှစ်နဲ့ ၂၀၁၁ အကြား အာဏာရှင်တွေအာဏာသိမ်းခံရတာအများစုဟာ သူတို့စစ်တပ်တွေက ပြန်အာဏာသိမ်းတာဖြစ်ပါတယ်။ ဒါကြောင့် အာဏာရှင်တွေဟာသူတို့စစ်တပ်တွေကို တိုက်ရည်ခိုက်ရည်ကောင်းမွန်ဖို့ထက် သူတို့အပေါ်သစ္စာရှိဖို့ကိုပဲ အလေးထားကြပါတယ်။
မြန်မာပြည်မှာလည်း ထူးမခြားနားလှပါဘူး။ ဗိုလ်နေဝင်းက သူဦးဆောင်ခဲ့တဲ့ အမှတ်(၄) ဗမာ့သေနတ်ကိုင်တပ်ရင်းကို အခြေခံပြီးအာဏာသိမ်းခဲ့ပါတယ်။ ထောက်လှမ်းရေးမှာ မျက်မှန်တင်ဦးကြီးကို လူမိုက်မွေးပြီး သူသံသယရှိသူတွေကို ရှင်းထုတ်ပါတယ်။ တပ်ချုပ် ဗိုလ်ချုပ်ကြီးတင်ဦး (နောင်တစ်ချိန် ဒီချုပ်ခေါင်းဆောင်) လည်း ခံခဲ့ရတာပါပဲ။
ဗိုလ်သန်းရွှေတက်လာတော့ ကံကြမ္မာက တပတ်ပြန်လည်ပါတယ်။ ဗိုလ်နေဝင်းမြေးတွေနဲ့သားမက်ကို ထောင်ထဲထည့်ပြီး ဗိုလ်နေဝင်းကို နေအိမ်မှာ အကျယ်ချုပ်ထားခဲ့ပါတယ်။ ဗိုလ်ခင်ညွန့်တစ်မိသားစုလုံးနဲ့ တပည့်တပန်းအားလုံး နှစ်ရှည်ထောင်ကျခဲ့ကြပါတယ်။
အဲဒီအစီအမံတွေ အားလုံးမှာ တပ်မတော် တိုက်စွမ်းရည်ကောင်းဖို့ဆိုတာ တစ်ခုမှ မပါပါဘူး။ သူတို့ကို အကြွင်းမဲ့သစ္စာခံဖို့ကိုသာဦးစားပေးခဲ့တာပါ။ အဲဒီလိုအကြွင်းမဲ့သစ္စာခံဖို့အတွက် အရင်ခေါင်းဆောင်ရဲ့ လူတွေကိုချောင်ထိုးတာ၊ ကိုယ့်ကို ဖားယားသူတွေကိုချီးမြှင့်တာ၊ ကတော်တွေက အိမ်
နောက်ပေါက်ကနေ အဝင်အထွက်တွေလုပ်တာ၊ ဒီလိုနည်းတွေနဲ့ အာဏာရှင်တွေရဲ့ စစ်တပ်တွေဟာ သေနတ်ထဲကိုကျည်တောင်မထိုးနိုင်တော့တဲ့အဖြစ်ကို ရောက်ကြတော့တာပါပဲ။
ဘာဖြစ်လို့လဲဆိုတော့ သူတို့ကိုလေ့ကျင့်သင်ကြားပေးလိုက်တာဟာ စစ်တိုက်ဖို့ မဟုတ်ပါဘူး။ ဈေးခြင်းတောင်းကိုင်ပေးဖို့နဲ့ အထက်အရာရှိရဲ့ကလေးတွေကို ကျောင်းပို့ပေးဖို့ပါပဲ။
အာဆဒ်သားအဖဟာ သူ့ကိုသစ္စာခံတဲ့ သူတွေကို တပ်ထဲမှာ ရာထူးကြီးနေရာတွေ ပေးပြီးတော့ စစ်ရေးလေ့ကျင့်မှုတွေကို ပစ်ပယ်ခဲ့ပါတယ်။ ထောက်လှမ်းရေးတပ်ဖွဲ့တွေကိုတည်ထောင်ပြီး တပ်တွေကြားထဲမှာ သွေးခွဲခဲ့ပါတယ်။ရည်ရွယ်ချက်ကတော့ သူတို့ကိုအာဏာမသိမ်းရေးပါပဲ။ စစ်တပ်ဟာညီညွတ်သွားရင် ဦးဆောင်မှုညံ့ဖျင်းပြီးဖေါက်ပြန်တဲ့ သူတို့မိသားစုကို အာဏာပြန်သိမ်းမယ်ဆိုတာကို သူတို့ ကြောက်လန့်ကြပါတယ်။
နောက်ဆုံးတော့ စစ်တပ်ရဲ့ ထိပ်တန်းအရာရှိကြီးတွေကို စည်းရုံးဖို့အတွက် လုပ်ချင်ရာလုပ်ခွင့် ပေးလိုက်တော့တာပါပဲ။ မူးယစ်ဆေးဝါးရောင်းဝယ်ဖေါက်ကားမှု၊ လူကုန်ကူးမှု၊ လက်နက်မှောင်ခိုမှု၊ အားလုံးပါပဲ။ ဒီလိုစစ်တပ်မျိုးဟာ သေနတ်သံတစ်ချက်ကြားရုံနဲ့ ပြိုလဲသွားဖို့ အဆင်သင်ဖြစ်နေပါပြီ။ အာဆဒ်ရဲ့ ဆီးရီးယားတပ်ကစလို့ မြန်မာက နမခအထိ အားလုံးအတူတူပါပဲ။
အခုဆီးရီးယားကိုသိမ်းတဲ့ သူပုန်အဖွဲ့တွေထဲကအဓိက အဖွဲ့ဖြစ်တဲ့ HTS အဖွဲ့ ရဲ့တိုက်စွမ်းရည်ဟာ အသိအမှတ်ပြုစရာပါ။ ဒရုန်းနည်းပညာ၊ ဒုံးပျံတိုက်ခိုက်မှုနဲ့ အခြားနည်းစနစ်တွေက အာဆဒ်တို့ထက် သာလွန်နေပါတယ်။
အချုပ်ပြန်ပြောရရင်တော့ စစ်တပ်တစ်တပ်ရဲ့ စွမ်းရည်ဟာ ဒီစစ်တပ်ကို ဘယ်လိုရည်ရွယ်ချက်နဲ့ တည်ထောင်ခဲ့တယ်ဆိုတာပေါ်မှာ အများဆုံး မူတည်မယ်ထင်ပါတယ်။ လူအရေအတွက်နဲ့ လက်နက်အားကိုးနဲ့ အမြဲတမ်းတော့ ဖိလို့ရမှာ မဟုတ်ပါဘူး။
လက်ရှိစစ်ကောင်စီရဲ့တပ်တွေဟာ တိုက်ပွဲတွေအတွက် အသင့်ဖြစ်ရုံတင်မကပဲနဲ့ ပြေးဖို့အဆင်သင့်ဖြစ်နေတဲ့ မာရသွန်တွေဖြစ်နေပါတယ်။ တစ်ခုခုတော့ အကြီးအကျယ်မှားသွားပါပြီ။
မကြာခဏဆိုသလို ရုရှနဲ့ ဖင်လန်ကြားက ဆောင်းရာသီစစ်ပွဲအကြောင်းကို ပြန်တွေးမိလေ့ရှိပါတယ်။ ၁၉၃၉ခုနှစ်မှာ ရုရှ (အဲဒီအချိန်က ဆိုဗီယက်ယူနီယမ်) က ဖင်လန်ကို
ကျူးကျော်ပါတယ်။ အင်မတန်အေးတဲ့ ဆောင်းရာသီမှာ တိုက်ကြလို့ ဆောင်းရာသီစစ်ပွဲလို့ ခေါ်ခဲ့ကြတာပါ။ အရွယ်အစားကတော့ ‘ဆင်နဲ့ဆိတ်”ပါပဲ။ ဒါပေမယ့် ရလဒ်က အရမ်းကွာပါတယ်။
ရုရှက တစ်သိန်းခွဲလောက် ကျဆုံးပါတယ်။ ဖင်လန်က နှစ်သောင်းခွဲလောက်ကျဆုံးပါတယ်။ ဖင်လန်ရဲ့ ကမ္ဘာကျော် စနိုက်ပါ ‘ စီမိုဟေဟ’ တစ်ယောက်ထဲ ပစ်တာတောင် ဆိုဗီယက်တပ်သား ၅၀၀ ကျော်ကျခဲ့ပါတယ်။
နောက်ဆုံးတော့ ဆိုဗီယက်ရုရှက ငြိမ်းချမ်းရေးစကားပြောရတာ ပါပဲ။
စစ်ပွဲဆိုတာဟာ လူအင်အားတစ်ခုထဲမကပါဘူး။ ယုံကြည်ချက်၊ စည်းလုံးမှုနဲ့ဦးဆောင်မှုတွေက အဖြေတွေဖြစ်နိုင်ပါတယ်။
ကိုယ့်ကိုသစ္စာရှိအောင် မွေးထားတဲ့တပ်နဲ့ စစ်နိုင်တိုက်ဖို့တော့ ဘယ်တော့မှ မစဉ်းစားပါနဲ့။
အမောင်
The Tanintharyi Times
