အသက်ကြီးပိုင်း နိုင်ငံရေးအကျဉ်းသားတွေရဲ့ အသက်ရှင်သန်ရေးကို စိုးရိမ်တယ်လို့ နိုင်/ကျဉ်းအဖွဲ့တွေပြော
အသက်ကြီးပိုင်း နိုင်ငံရေးအကျဉ်းသားတွေရဲ့ အသက်ရှင်သန်ရေးကို စိုးရိမ်တယ်လို့ နိုင်/ကျဉ်းအဖွဲ့တွေပြော

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် အပါအဝင် အကျဉ်းထောင်တွေမှာ ရှိနေကြတဲ့ အသက်ကြီးပိုင်း နိုင်ငံရေးအကျဉ်းသားတွေရဲ့ အသက်ရှင်ရေးကို စိုးရိမ်တယ်လို့ နိုင်ငံရေးအကျဉ်သားဟောင်းတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် အစိုးရ လက်ထက်မှာ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ ဦးဝင်းခိုင် သေဆုံးသွားပြီးနောက် အကျဉ်းထောင်ထဲမှာ ကျန်ရှိနေတဲ့ အသက်ကြီးပိုင်း နိုင်ငံရေးခေါင်းဆောင်တွေရဲ့ အသက်အန္တရာယ်ကို စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုလာကြတာ ဖြစ်ပါတယ်။
မန္တလေး၊ အိုးဘိုအကျဉ်းထောင်အတွင်း အကျဉ်းကျနေတဲ့ NLD အစိုးရရဲ့ လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင်ဟာ ကျန်းမာရေးဆိုးရွားလာတာကြောင့် အောက်တိုဘာလလယ်လောက်မှာ မန္တလေးဆေးရုံကြီးကို ပြောင်းရွှေ့ပေးခဲ့ပါတယ်။
မန္တလေးဆေးရုံကြီးမှာ ဦးဝင်းခိုင် သတိမေ့မျောနေတဲ့ အခြေအနေရောက်တဲ့အချိန် အောက်တိုဘာ ၂၈ ရက်မှစစ်ကောင်စီတာဝန်ရှိသူတွေက လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ကြောင်း ပြောဆိုခဲ့ပါတယ်။
အလားတူ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် ကွယ်လွန်တဲ့ ဖြစ်စဉ်မှာလည်း ဒေါက်တာ ဇော်မြင့်မောင် သတိမေ့မျောနေချိန်ကျမှ စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တာပါ။
ဒီလုပ်ရပ်တွေဟာ နိုင်ငံရေးအကျဉ်းသားတွေအပေါ် အဆိုးရွားဆုံး အပြင်းထန်ဆုံး လူ့အခွင့်အရေးချိုးဖောက်မှုကို စစ်ကောင်စီက ချိုးဖောက်နေတာ ဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦး ဖြစ်သူ ဦးထွန်းကြည်က တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။
“အကျဉ်းသားဖြစ်ဖြစ် နိုင်ငံရေးအကျဉ်းသားဖြစ်ဖြစ် ကျန်းမာရေးနဲ့ ပတ်သက်ရင် သူတို့ (စစ်ကောင်စီ) က ဖမ်းတဲ့အတွက်ကြောင့်မို့ သူတို့မှာ တာဝန်ယူမှု တာဝန်ခံမှု ရှိရမယ်၊ သို့သော်ငြားလည်း တာဝန်ယူမှု တာဝန်ခံမှု မရှိတဲ့အပြင် ဆေးရုံ ICU ထဲမှာ ဘာဆိုဘာမှ မသိတော့တဲ့ အချိန်ကျမှ ကာယကံရှင်မသိဘဲနဲ့ လွတ်ငြိမ်းသက်သာလာပေးတာလေ၊ ကာယကံရှင်အတွက်ကိုရော ကာယကံရှင် မိသားစုအတွက်ကိုရော လူထုခုခံတော်လှန်ရေးမှာ ပါနေတဲ့ အင်အားစုတွေ အားလုံးကိုပါ စော်ကားတာဗျ” လို့ ဦးထွန်းကြည်က ပြောပါတယ်။
ကျန်းမာရေးအလွန်ဆိုးရွားနေပြီး အသက်ရှင်သန်ရန် ရာခိုင်နှုန်းနည်းတဲ့အချိန်မှာ စစ်ကောင်စီက လွတ်ငြိမ်းပေးပြီး ပြန်လွှတ်ပေးနေခြင်းဟာ ထောင်တွင်း ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာ မရရှိတာကြောင့် သေဆုံးနေရတာတွေကို ဖုံးကွယ်ဖို့ ကြိုးပမ်းနေခြင်းသာဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM က ထုတ်ပြန်ထားပါတယ်။
၂၀၂၃ နဲ့ နှိုင်းယှဉ်ရင် အခု ၂၀၂၄ ခုနှစ်ဟာ နိုင်ငံရေးအကျဉ်းသား သေဆုံးမှု ၅၀ ရာခိုင်နှုန်းအထိ မြင့်တက်လာနေပြီး ၂၀၂၄ ထဲမှာ ဒေါက်တာ ဇော်မြင့်မောင်၊ ဦးဝင်းခိုင်တို့လို သက်ကြီးရွယ်အိုတွေ ကွယ်လွန်မှု တိုးလာနေတယ်လို့ PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။
“လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား သက်ကြီးရွယ်အိုတွေအတွက်ဆိုရင် အသက်အာမခံမှု အခြေအနေ လုံးဝ ကင်းမဲ့နေတယ်၊ အကျဉ်းထောင်ထဲမှာ ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသား အကျဉ်းသူတွေ မိသားစုရဲ့ ရင်ခွင်ကို အကောင်းအတိုင်း ပြန်လည်ရောက်ရှိဖို့ တော်လှန်ရေးပြီးတဲ့အချိန်အထိ အသက်ရှင်သန်ဖို့ဆိုတဲ့ စိုးရိမ်မှုတွေ ခံစားနေကြရပါတယ်” လို့ ကိုသိုက်ထွန်းဦးက ဆိုပါတယ်။
အကျဉ်းထောင်အာဏာပိုင်တွေဟာ နိုင်ငံရေးအကျဉ်းသားတွေအပေါ် ကျန်းမာရေးစောင့်ရှောက်မှု၊ အရေးပေါ်ဆေးဝါးကုသမှု၊ အရေးပေါ် ပြင်ပဆေးရုံမှာ ဆေးဝါးကုသမယ့် ကိစ္စတွေ ဘာတခုမှ မလုပ်ဆောင်နေပဲ သူတို့လက်ခုပ်ထဲက ရေ၊ သူတို့ခြင်းထဲက ကြက်လိုသာ သဘောထားနေတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးထွန်းကြည်က ဝေဖန်ပါတယ်။
ဒီလို အကျဉ်းထောင်အာဏာပိုင်တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ ICRC အပါအဝင် ကုလသမဂ္ဂအဖွဲ့အစည်းတွေဆီ သတင်းအချက်အလက်တွေ ဆက်တိုက် ပို့ပေးနေပေမယ့် အဆိုပါ အဖွဲ့အစည်းတွေကလည်း လျစ်လျူရှုနေတဲ့ အကြောင်း ဦးထွန်းကြည်က ပြောပါတယ်။
“ကုလသမဂ္ဂဆိုတာ နိုင်ငံတကာရဲ့ အခွန်အခနဲ့ ထည့်ဝင်မှုတွေနဲ့ လည်ပတ်နေတာလေ၊ တကယ့်တကယ်ကျတော့ လူသားဆန်မှု လူ့ဂုဏ်သိက္ခာ လူ့အခွင့်အရေးတွေ အားလုံးကို မျက်ကွယ်ပြု လျစ်လျူရှုပြီးတော့ သူတို့ လုပ်ရမယ့်အလုပ်တွေ မလုပ်ဘဲနဲ့ သူတို့ရှင်သန်ရပ်တည်ရေးအတွက်ပဲ အကြမ်းဖက် စစ်ကောင်စီနဲ့ MOU တွေ ချုပ်ပြီးတော့ ပြည်တွင်းမှာ ရုံးခန်းဖွင့်တယ်၊ နေပြည်တော်မှာ ရုံးခန်းဖွင့်တယ်၊ အဲဒါက ICRC မှာ မဟုတ်ဘူး၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေက စကစနဲ့ အဆင်ပြေဖို့အတွက်ပဲ သူတို့က အာသီတ ပြင်းပြတယ်ဗျ” လို့ ဦးထွန်းကြည်က ဆိုပါတယ်။
ဒေါ်အောင်ဆန်းကြည်စုရဲ့ သားငယ်ဖြစ်သူ ကင်အဲရစ်ကလည်း သူ့ရဲ့ မိခင် ကျန်းမာရေးကို စိုးရိမ်ကြောင်း အခုရက်ပိုင်းအတွင်း သတင်းမီဒီယာတွေကို ပြောဆိုခဲ့တာ ရှိပါတယ်။
အကျဉ်းထောင်အတွင်း လုံလောက်တဲ့ ဆေးကုသခွင့်မရတာကြောင့် ဆိုပြီး လူသိများတဲ့သူတွေထဲက အောက်တိုဘာလ ၇ ရက်နေ့မှာ ဒေါက်တာ ဇော်မြင့်မောင်၊ နိုဝင်ဘာလ ၉ ရက်နေ့မှာ ဦးဝင်းခိုင် ကွယ်လွန်ခဲ့ရသလို ပြီးခဲ့တဲ့ ဩဂုတ်လကလည်း မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ ဒါရိုက်တာ ကိုဖေမောင်စိမ်း ကွယ်လွန်ခဲ့ပါတယ်။
ဒါရိုက်တာ ကိုဖေမောင်စိမ်းကလည်း အလားတူဖြစ်စဉ်ပင် မသေဆုံးမီ ရက်ပိုင်းအလိုမှာ စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းကာလအတွင်း အကျဉ်းထောင်အသီးသီးမှာ နိုင်ငံရေးအကျဉ်းသား ၁၀၃ ဦး သေဆုံးခဲ့ရပြီး ဆေးကုသခွင့်မရရှိတာကြောင့် ကျန်းမာရေးချို့တဲ့ပြီး သေဆုံးရသူ ၆၃ ဦးအထိ ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က အောက်တိုဘာ ၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။

The Tanintharyi Times