အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကို ထိရောက်စွာ အရေးယူပေးဖို့ တော်လှန်ရေးအင်အားစုတွေ တောင်းဆို

အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကို ထိရောက်စွာ အရေးယူပေးဖို့ တော်လှန်ရေးအင်အားစုတွေ တောင်းဆို

ပုံစာ - လောင်းလုံးမြို့နယ်မှာ အခုနှစ် စက်တင်ဘာလ ၁၂ ရက်က အမျိုးတွေအပေါ် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်အကြမ်းဖက်မှုတွေကို ဆန့်ကျင်ရှုံ့ချတဲ့ လူထုသပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း တော်လှန်ရေးရဲမေစစ်သည်တွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ အသက်မပြည့်တဲ့ ကလေးသူငယ်တွေ၊ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာ ကိုယ်ထိလက်ရောက် စော်ကားတာ၊ ထိပါးနှောင့်ယှက်တာ စတဲ့ ကိစ္စရပ်တွေကို ထိရောက်စွာ အရေးယူပေးဖို့ တော်လှန်ရေးအင်အားစု အဖွဲ့ပေါင်း ၂၀ ကျော်တို့က တောင်းဆိုလိုက်ပါတယ်။

ကျူးလွန်သူဟာ တော်လှန်ရေးအဖွဲ့အစည်းကပဲ ဖြစ်စေ၊ ကြားကာလအုပ်ချုပ်ရေး ယန္တရားထဲက ဖြစ်စေ၊ ပြည်သူ့ကာကွယ်ရေးတပ်သားဖြစ်စေ ခြွင်းချက်မရှိ တိုက်ရိုက်ထိရောက်စွာ အရေးယူနိုင်ရေးကိစ္စဟာ ကျူးလွန်သူရှိနေတဲ့ အဖွဲ့အစည်းက သာမက တော်လှန်ရေးအင်အားစု အားလုံးမှာပါ တာဝန်ရှိတယ်လို့ တောင်းဆိုချက်မှာ ရေးသားထားပါတယ်။

လက်ရှိမှာတော့ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနဲ့ မဖွယ်မရာပြုခြင်းဆိုင်ရာ အကာအကွယ်ပေးရေး မူဝါဒကို ရေးဆွဲထားပေမယ့် လိင်ပိုင်းဆိုင်ရာ ကျူးလွန်သူတွေကို အပြစ်ပေးအရေးယူတာ မရှိတဲ့အပြင် နစ်နာသူတွေကို အကာအကွယ်ပေးနိုင်တဲ့ အနေအထားလည်း မရှိနေဘူးလို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် အဖွဲ့အစည်း အသီးသီးတို့ဟာ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခံရမှု ဖြစ်စဉ်တွေကို ဖုံးကွယ်သိုဝှက်ထားပြီး လျစ်လျူရှုထားခြင်းဟာ မသင့်တော်သလို ကျူးလွန်ခံရတဲ့ နစ်နာသူတွေဘက်က ရပ်တည်ပေးဖို့၊ အကာအကွယ်ပေးဖို့၊ စိတ်လုံခြုံမှုပေးဖို့ လိုအပ်တယ်လို့ တော်လှန်ရေးအင်အားစုတွေဘက်က တောင်းဆိုထားပါတယ်။

အဆိုပါ တောင်းဆိုချက်ထဲမှာတော့ လိင်ပိုင်းဆိုင်ရာကျူးလွန်မှု ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး အတိအကျကို ထုတ်ဖော်ပြောဆိုထားမျိုး မတွေ့ရပါဘူး။

ကျောင်းသားသမဂ္ဂအဖွဲ့အစည်းတွေ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပညာရေးသမဂ္ဂကွန်ရက်တွေ၊ အထွေထွေသပိတ်ကော်မတီအဖွဲ့အစည်းတွေပါဝင်တဲ့ အဖွဲ့အစည်းတွေရဲ့ အခုတောင်းဆိုချက်ထဲမှာ လိင်ပိုင်းဆိုင်ရာ စော်ကားခံရသူတွေအနေနဲ့ NUG ပြည်ထဲရေး၊ လူဝင်မှုကြီးကြပ်ရေး၊ တရားရေးဝန်ကြီးဌာနတို့ကို တိုက်ရိုက်ဆက်သွယ်ပြီး တိုင်ကြားနိုင်ဖို့နဲ့ တော်လှန်ရေးအင်အားစုတွေ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ၊ တိုင်းရင်းသား EAO ဒေသမှ ပူးပေါင်းပါဝင်တဲ့ အကာအကွယ်ပေးရေး ပလက်ဖောင်းတရပ်၊ ကော်မတီတရပ် ဖွဲ့စည်းဖို့ လိုအပ်တယ်လို့ အကြံပြုထားပါတယ်။

နစ်နာသူတွေ တိုင်ကြားနိုင်မယ့် Hotline တခု ဖန်တီးပေးနိုင်ဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။

အခုတောင်းဆိုချက်ကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC၊ NUG အစိုးရ အမျိုးသမီးဌာန၊ လူ့အခွင့်အရေးဌာန၊ တရားရေးဌာန၊ ပြည်ထဲရေးဌာနနဲ့ ကာကွယ်ရေးဝန်ကြီးဌာနတို့ဆီ ပေးပို့ခဲ့ပြီး လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုနဲ့ ပတ်သက်တဲ့ တရားမျှတသော အရေးယူမှု မတွေ့မမြင်ရသ၍ နစ်နာသူတွေအတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ဆိုထားပါတယ်။

The Tanintharyi Times