ထားဝယ်ခရိုင်မှာ နှစ်ရက်အတွင်းတိုက်ပွဲနဲ့ပြောက်ကျားတိုက်ခိုက်မှု လေးကြိမ်ဖြစ်ပွား
ထားဝယ်ခရိုင်မှာ နှစ်ရက်အတွင်းတိုက်ပွဲနဲ့ပြောက်ကျားတိုက်ခိုက်မှု လေးကြိမ်ဖြစ်ပွား
ထားဝယ်ခရိုင်အတွင်းက ထားဝယ်၊ လောင်းလုံးနဲ့ရေဖြူမြို့နယ်တွေမှာ နှစ်ရက်အတွင်း တိုက်ပွဲနဲ့ပြောက်ကျားတိုက်ခိုက်မှု လေးကြိမ်ဖြစ်ပွားခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကသိရပါတယ်။
အခုလ ၉ ရက်နေ့မနက်ပိုင်းက မေတ္တာမြို့ဘက်ကထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ KNLA နဲ့ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ ရွှေချောင်းရွာမရောက်ခင်မှာ နှစ်ဖက်ထိတွေ့ တိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ တော်လှန်ရေးရဲဘော်တွေကဆိုပါတယ်။
မနေ့ကမနက်ပိုင်းမှာလည်း အဲဒီစစ်ကောင်စီတပ်သားတွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ တောင်သုံးလုံးကျေးရွာတဝိုက်မှာ တိုက်ပွဲတစ်နာရီခန့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KNLA တပ်မဟာ ၆ (တပ်ရင်း ၂၇) နဲ့ တပ်မဟာ ၄ (တပ်ရင်း ၁၂) ပူးတွဲတပ်ရင်းမှူး စောမှူးဂေကဆိုပါတယ်။
“မနေ့ကတော့သူတို့လာတဲ့အချိန်အနည်းငယ်ထိတွေ့မှုဖြစ်တာပါ။ သူတို့ဘက်ကတစ်ယောက်သေပြီး နှစ်ယောက်ဒဏ်ရာရတယ်။ ကျနော်တို့ဘက်ကတော့ထိခိုက်မှုမရှိဘူး” လို့ ပူးတွဲတပ်ရင်းမှူး စောမှူးဂေကပြောပါတယ်။
အဲဒီစစ်ကောင်စီတပ်သားတွေဟာ လက်ရှိမှာတော့ ကျောက်မဲတောင်ရဲစခန်းကို ပြန်လည်ရောက်ရှိ နေတယ်လို့ တော်လှန်ရေးရဲဘော်တွေကဆိုပါတယ်။
ဒါ့အပြင်လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာက စစ်ကောင်စီနဲ့ပျူစောထီးပူးပေါင်းစခန်း ကိုလည်း လောင်းလုံးမြို့နယ် (ပကဖ)က အခုလ ၉ ရက်နေ့ မနက်ပိုင်းမှာ စနိုက်ပါနဲ့သွားရောက်ပစ်ခတ်ခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား တစ်ဦး ဦးခေါင်းပွင့်ကာသေဆုံးပြီး ပျူစောထီးတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ လောင်းလုံး (ပကဖ)ရဲ့ ပြောရေးဆိုခွင့်ရှိသူကဆိုပါတယ်။
“စနိုက်ပါထိတော့ သူတို့ဘက်ကလက်နက်ကြီးတွေနဲ့ပြန်ထုတယ်။ ကျနော်တို့ဘက်ကတော့ ပစ်ပြီးတာနဲ့ပြန်ဆုတ်လာတယ်။ ဒဏ်ရာရတဲ့သူကို မနေ့ညကလှေနဲ့တင်ဆောင်သွားတယ်” လို့ လောင်းလုံးပကဖရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုရှဲဒိုးကပြောပါတယ်။
အခုလ ၉ ရက်နေ့ညပိုင်းကလည်း ကလိန်အောင်ဘက်ကနေ အိမ်စီးကားနဲ့လာတဲ့ စစ်ကောင်စီတပ်သားတွေကို ရေဖြူမြို့နယ်၊ နှမ်းကြဲရွာအနီးမှာ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA)နဲ့ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) တို့ပူးပေါင်းပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုမှာလည်း စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးခဲ့ပြီး ကျန်ရှိတဲ့ စစ်ကောင်စီတပ်သား တွေကတော့ ကားကိုထားခဲ့ပြီးထွက်ပြေးသွားတယ်လို့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်က ထုတ်ပြန်ထားပါတယ်။
“ညဘက်လည်းဖြစ်နေတော့ဆက်မလိုက်တော့ဘူး။ ကျန်တဲ့ကားကိုတော့ မီးရှို့လိုက်တယ်” လို့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်ရဲ့ ရဲဘော်တစ်ဦးက တနင်္သာရီတိုင်းမ်ကိုပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစလို့ တနင်္သာရီတိုင်းထဲက ထားဝယ်ခရိုင်ဟာ မြိတ်နဲ့ ကော့သောင်း ခရိုင်တွေနဲ့ယှဥ်ရင် တိုက်ပွဲနဲ့ပြောက်ကျားတိုက်ခိုက်မှုဖြစ်စဥ်တွေ သိသိသာသာပိုများလာခဲ့ပါတယ်။
စစ်ကောင်စီဘက်ကလည်း ပြီးခဲ့တဲ့တစ်လအတွင်း ထားဝယ်ခရိုင်တစ်ခုတည်းမှာ လေကြောင်းတိုက်ခိုက်မှုပေါင်း ၂၆ ကြိမ်ထက်မနည်းပြုလုပ်ခဲ့ပါတယ်။
အခုလမှာလည်း ထားဝယ်ခရိုင်အတွင်း ပြောက်ကျားတိုက်ခိုက်မှုနဲ့ ဆက်တိုက်ပွဲတွေရှိနေပေမဲ့ စစ်ကောင်စီဘက်ကလေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်တာမျိုးတော့မရှိသေးပါဘူး။
The Tanintharyi Times
