ထားဝယ် ၊မေတ္တာမြို့ တိုက်ပွဲမှာ စစ်ကောင်စီတပ်အထိနာခဲ့ပြီး တိုက်လေယာဥ်နဲ့ ဗုံးကြဲ
ထားဝယ် ၊မေတ္တာမြို့ တိုက်ပွဲမှာ စစ်ကောင်စီတပ်အထိနာခဲ့ပြီး တိုက်လေယာဥ်နဲ့ ဗုံးကြဲ
ထားဝယ်မြို့နယ်၊ မေတ္တာမြို့အနီး မှာ မနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ အတွင်း စစ်ကောင်စီတပ်တွေ အထိ နာခဲ့ပြီး နောက် တိုက်လေယာဥ်တွေနဲ့ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ KNLA တပ်မဟာ ၄ ကပူးတွဲတပ်ရင်းမှူး စောမှူးဂေကပြောပါတယ်။
မနေ့ကနေ့လယ် ၁၂ နာရီခွဲလောက်မှာ မေတ္တာမြို့အနီးကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ တော်လှန်ရေးတပ်တွေ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။
KNLA တပ်မဟာ ၄ တပ်ရင်း (၁၂)နဲ့ တပ်မဟာ ၆ တပ်ရင်း (၂၇) ရဲ့ပူးတွဲတပ်ရင်းမှူး စောမှူးဂေကတော့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးပြီး ဒဏ်ရာရသူတွေလည်း အများအပြားရှိ တယ်လို့ ဆိုပါတယ်။
“ကျောက်မဲတောင်ကနေ မနေ့ကပဲဖောက်ထွက်လာတဲ့စစ်ကြောင်းနဲ့ဖြစ်တာပါ။ အင်အားက ၄၀ လောက်ပဲပါမယ်။ ဒါကြောင့်လည်းသူတို့ဘက်ကအထိနာတယ်” လို့ တပ်ရင်းမှူးစောမှူးဂေက ပြောပါတယ်။
KNLA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ဘက်ကလည်း ရဲဘော် ၃ ဦး ကျဆုံးခဲ့တယ်လို့ ပူးတွဲတပ်ရင်းမှူး စောမှူးဂေရဲ့ပြောပြချက်အရ သိရပါတယ်။
အဲ့ဒီတိုက်ပွဲမှာ နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှု တစ်နာရီ နီးပါး ကြာမြင့်ခဲ့တယ်လို့ KNLA ပူးတွဲတပ်ရင်းမှူး စောမှူးဂေ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ညနေ ၄ နာရီခွဲဝန်းကျင်လောက်မှာတော့ မေတ္တာမြို့တဝိုက်ကို စစ်ကောင်စီက K-8Wတိုက်လေယာဥ်နဲ့ နှစ်ကြိမ်၊ ဗုံးသီး ရှစ်လုံးလာရောက်ကျဲချခဲ့တယ်လို့ တော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။
အဲဒီဗုံးကျဲ တိုက်ခိုက်မှုကြောင့် မေတ္တာမြို့ထဲကနေအိမ်တစ်ဆောင်လည်း ထပ်မံပျက်စီးခဲ့တယ်လို့ စောမှူးဂေ ထံက သိရှိရပါတယ်။
မေတ္တာမြို့ထဲမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အခုတစ်ပတ်အတွင်းပျက်စီးသွားတဲ့နေအိမ် ၆ ဆောင်ထက်မနည်းရှိပြီလို့ဆိုပါတယ်။
ဒီနေ့မနက် ၁၀ နာရီလောက်မှာလည်း မေတ္တာမြို့တဝိုက်ကို စစ်ကောင်စီဘက်က K-8W တိုက်လေယာဥ်တစ်စီးနဲ့ ဗုံးသီးအလုံးရေဆယ်နဲ့ချီ ကြဲချခဲ့တယ်လို့ တော်လှန်ရေးရဲဘော်တွေကဆိုပါတယ်။
ဒီနေ့မနက်ဗုံးကျဲ တိုက်ခိုက်မှုရဲ့ နောက်ဆက်တွဲအခြေအနေကိုတော့ မသိရသေးပါဘူး။
တိုက်ပွဲနဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မေတ္တာမြို့အပါအဝင် ထားဝယ်အရှေ့တောဒေသက ဒေသခံ ၇၀၀၀ ကျော်လောက်ဟာ နီးစပ်ရာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU တပ်မဟာ (၄) ရဲ့ မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြီးခဲ့တဲ့ရက်ပိုင်းကပဲ တနင်္သာရီတိုင်းမ်ကိုပြောကြားထားပါတယ်။
စစ်ကောင်စီတပ်ဟာ အခုလပထမဆယ်ရက်အတွင်းမှာပဲ ထားဝယ်ခရိုင်တခုတည်းကို လေကြောင်းကနေဗုံးကျဲတိုက်ခိုက်မှု ၁၁ ကြိမ်ထက်မနည်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ဗုံးကျဲ ခံရမှူအများဆုံးကတော့ ထားဝယ်မြို့နယ်က အရှေ့တောဒေသဖြစ်ပါတယ်။
လက်ရှိမှာလည်း မေတ္တာမြို့ကဗျူဟာကုန်းအပါအဝင် အရှေ့တောဒေသက စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်တွေဘက်က ပိတ်ဆို့မှုတွေလုပ်ဆောင်ထားတာကြောင့် နှစ်ဖက်စစ်ရေးတင်းမာနေဆဲပဲလို့ KNLA တပ်ရင်းမှူး စောမှူးဂေကဆိုပါတယ်။
The Tanintharyi Times
