စစ်ကောင်စီသတင်းပေးလို့ နာမည်ထွက်နေတဲ့ ချောင်းမွန် ရွာသား ၂ ဦးကို လက်နက်ကိုင်လူတစ်စု ဖမ်းဆီးသွား
စစ်ကောင်စီသတင်းပေးလို့ နာမည်ထွက်နေတဲ့ ချောင်းမွန် ရွာသား ၂ ဦးကို လက်နက်ကိုင်လူတစ်စု ဖမ်းဆီးသွား
ဘုတ်ပြင်းမြို့နယ်၊ ချောင်းမွန်ရွာက စစ်ကောင်စီသတင်းပေးလို့ နာမည်ထွက်နေတဲ့ ဒေသခံ ၂ ဦးကို လက်နက်ကိုင်လူတစ်စုက မနေ့က ည ၈ နာရီလောက်မှာ လာရောက်ဖမ်းခေါ်သွားတယ်လို့ ဒေသခံတွေက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။
ဖမ်းဆီးခံရသူတွေဟာ အသက် ၃၀ ကျော်အရွယ် ဦးထွန်းလင်းနဲ့ အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်းနာမည်ကတော့ ရွာခံတွေအခေါ် ဦးစိုးခါးကုန်း လို့ သိရပါတယ်။ သူတို့ရဲ့ နေအိမ်အသီးသီးမှာ ဝင်ရောက်ဖမ်းခေါ်သွားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
“လူတစ်စုက လမ်းလျှောက်ပြီးလာခေါ်သွားတာ။ အင်အားဘယ်လောက်ဆိုတာတော့ မခန့်မှန်းနိုင်ဘူး။ အသံကြားတာနဲ့ တံခါးတွေကိုအကုန်ပိတ်၊ အသံတောင်မထွက်ရဲပဲ နေရတာလေ။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဖော်ပြပါ ရွာသားနှစ်ဦးကို KNLA ပူးပေါင်းအဖွဲ့တွေက လာဖမ်းခေါ်သွားတာလို့ ရွာသားအချို့က ပြောဆိုနေပေမဲ့ တနင်္သာရီတိုင်းမ်အနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးကတော့ “ ဒီကိစ္စနဲ့ပတ်သက်ပြီးလည်း ဘယ်သူတွေကဖမ်းသွားတယ်ဆိုတာမသိသေးဘူး။ ကျွန်တော်တို့အဖွဲ့ကတော့ မဟုတ်ဘူး။ ဦးထွန်းလင်းနဲ့ပတ်သက်ပြီး ပြည်သူတွေတိုင်ကြားထားတာတော့ရှိတယ်ဗျ။ ဦးစိုးကတော့ နာမည်သိပ်ထွက်တဲ့သူမဟုတ်ဘူး။ ကျွန်တော်တို့နဲ့စိမ်းတယ်” လို့ တနင်္သာရီတိုင်းမ်ရဲ့ မေးမြန်းချက်ကို ဖြေကြားပါတယ်။
ပြည်ကြီးမဏ္ဍိုင်မြို့၊ ထောင်ငါးသိုင်းကျေးရွာအုပ်စု၊ ချောင်းမွန်ရွာမှာ အိမ်ခြေ ၁၅၀ နီးပါးရှိပြီး ဥယဥ်ခြံလုပ်ငန်းကို အဓိကလုပ်ကိုင်ကာ တိုင်ရင်းသားပေါင်းစုံနဲ့ တပ်ထွက်၊ ရဲဝန်ထမ်းအငြိမ်းစား စသဖြင့် ဝန်ထမ်းတွေစုံတဲ့ ရွာလည်းဖြစ်တယ်လို့ သိရပါတယ်။
အခုလ ၅ ရက်နေ့ကလည်း ဘုတ်ပြင်းမြို့နယ်၊ ထင်းမယ်ရွာမှာ ရွာသား ၃ ဦးဖမ်းဆီးခံခဲ့ရပြီး ၂ ဦး ပြန်လည်လွတ်မြောက်လာကာ နောက် ၁ ဦးကိုတော့ ရုပ်အလောင်းသာ တွေ့ခဲ့ရပါတယ်။
The Tanintharyi Times
