အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ နီးတဲ့ မဲတောင်ဗျူဟာကုန်းစခန်းကို AA သိမ်းပိုက်

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ နီးတဲ့ မဲတောင်ဗျူဟာကုန်းစခန်းကို AA သိမ်းပိုက်

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ စစ်ကောင်စီ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) နဲ့ အနနီးက မဲတောင်ဗျူဟာကုန်းစခန်း တခုလုံးကို မနေ့ညနေက သိမ်းပိုက်ရရှိခဲ့ပြီလို့ အာရက္ခတပ်တော် AA က ထုတ်ပြန်ပါတယ်။

မဲတောင်ဗျူဟာကုန်းစခန်း ဟာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နဲ့ ၁၄ ကီလိုမီတာ(မိုင်အားဖြင့် ၉ မိုင်) လောက်သာ ကွာဝေးတယ်လို့ AA က ဆိုပါတယ်။

မဲတောင်ဗျူဟာကုန်းစခန်းနဲ့ ဆက်စပ်စခန်းတွေကို AA က ကာလအတော်ကြာ ပိတ်ဆို့ဖြတ်တောက်ထားပြီး ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်ကစပြီး အမ်းမြို့နယ်၊ ကျောက်စကွဲကျေးရွာ အနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် မဲတောင်ဗျူဟာကုန်းရဲ့ စခန်းတွေကို တခုပြီးတခု သိမ်းပိုက်ခဲ့တာလို့ အာရက္ခတပ်တော်က ထုတ်ပြန်ထားတာပါ။

မဲတောင်ဗျူဟာကုန်းမှာ စစ်ကိုင်းတိုင်း၊ ကလေး၊ မော်လိုက်၊ ဟုမ္မလင်း အခြေစိုက် စကခ (၁၀) လက်အောက်ခံ တပ်ရင်းတွေ ဖြစ်ကြတဲ့ ခမရ (၃၆၂ ၊ ၃၆၅ ၊၃၆၉) တပ်ရင်းတွေ၊ အမ်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းတချို့နဲ့ စကခ (၅) လက်အောက်ခံ ခမရ (၃၄၆၊ ၃၇၃၊ ၃၇၂) တပ်ရင်းတွေ စတဲ့ စုပေါင်းထားတဲ့ တပ်ရင်းတွေ ပါဝင်ပြီး မဲတောင်နဲ့ အမ်းဌာနချုပ် ပတ်ဝန်းကျင်မှာ လှုပ်ရှားနေကြတယ်လို့ ဆိုပါတယ်။

မဲတောင်ဗျူဟာကုန်း စခန်းသိမ်း တိုက်ပွဲ အတွင်းမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လက်နက်ခဲယမ်းတွေ၊ စစ်အသုံးအဆောင်ပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။

ကျိန္တလီဒေသမှာလည်း တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး ကျိန္တလီချောင်းကို ဖြတ်သန်းတည်ဆောက်ထားတဲ့ ကုလားပြင်တံတားထိပ်မှာ ရှိတဲ့ ကိုင်းခုန်နဲ့ ကံဂေါ်တောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ စခန်းကို အောက်တိုဘာ ၆ ရက်နေ့မှာ AA က သိမ်းပိုက်ရရှိတယ်လို့ ပြောပါတယ်။

အဆိုပါ တံတားထိပ် စစ်စခန်းတွေကို AA က သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေက မနေ့ အောက်တိုဘာ ၇ ရက် မနက်ပိုင်းမှာတော့ ကုလားပြင်တံတားအလယ်ကို ဖောက်ခွဲဖျက်ဆီးလိုက်ပြီး ဂွမြို့နယ်ဘက်ကို ဆုတ်ခွာသွားတယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာတော့ ရခိုင်ပြည်နယ်အတွင်း မောင်တော၊ ကျိန္တလီ၊ အမ်း စတဲ့ ဒေသတွေမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး မောင်တောမြို့မှာ AA ဘက်က သိမ်းပိုက်ဖို့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီရဲ့ နခခ (၅) စခန်းကို ရရှိနိုင်ရေး ဆောင်ရွက်နေတယ်လို့လည်း AA ဘက်က ပြောပါတယ်။

ဒါ့အပြင် အာရက္ခတပ်တော် AA အနေနဲ့ တောင်ကုတ်မှာရှိတဲ့ စစ်ကောင်စီရဲ့ စကခ (၅) လက်အောက်ခံ ခမရ (၃၄၆ ၊ ၃၄၄) တပ်စခန်းတွေကို ဝိုင်းရံပိတ်ဆို့ထားတယ်လို့ ဆိုပါတယ်။

မနေ့ ညကတော့ တောင်ကုတ်မြို့နယ်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတချို့ သေဆုံးတာ ထိခိုက်ဒဏ်ရာရတာ ရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ ရခိုင်ဒေသအတွင်း စစ်ရေးအရ ရှုံးနိမ့်နေပြီး အရပ်သား လူထုတွေကို လေကြောင်းကတဆင့် ပစ်ခတ်တိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်တာတွေကို ဆက်လက်ပြုလုပ်နေတယ်လို့ အာရက္ခတပ်တော်က ဆိုထားပါတယ်။

The Tanintharyi Times