ရခိုင်ပြည်နယ်၊ မောင်တောရှိ စစ်ကောင်စီစခန်း ၆ ခုကို AA သိမ်းပိုက်

ရခိုင်ပြည်နယ်၊ မောင်တောရှိ စစ်ကောင်စီစခန်း ၆ ခုကို AA သိမ်းပိုက်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ စစ်ကောင်စီ စခန်း ၆ ခုကို ဇွန်လပထမပတ်အတွင်းမှာပဲ တစ်ပြိုင်နက်ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်ရရှိခဲ့တယ်လို့ အာရက္ခတပ်တော် AA က ထုတ်ပြန်ပါတယ်။

ဇွန်လ ၂ ရက်နေ့ကနေ ၆ ရက်နေ့အထိ ၅ တာအတွင်း မှာ မောင်တောမြို့က စစ်ကောင်စီတပ်စခန်း ၆ ခုကိုသိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ AA က ဆိုပါတယ်။

မောင်တောရှိ စစ်ကောင်စီရဲ့ တာဝါတိုင်စခန်း၊ ကျောက်ပန္ဒူစခန်း၊ ခွဆုံပြင်စခန်း၊ မြင်းလွှတ်စခန်း၊ အင်းဒင်စခန်း နဲ့ အမှတ်(၉)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲစခန်းတို့ကို သိမ်းပိုက်ရရှိခဲ့တာ ဖြစ်တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

ဘူးသီးတောင်ကို သိမ်းပိုက်ရရှိပြီးနောက် မောင်တောမှာရှိတဲ့ စစ်ကောင်စီစခန်းတွေကို ဇွန် ၂ ရက်နေ့ကနေ စပြီး တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ အမှတ် (၄)၊ မောရဝတီ၊ အလယ်သံကျော်၊ နာခေါင်းတိုစခန်း အပါအဝင် လက်ကျန်စခန်းတွေကိုလည်း ဆက်လက်တိုက်ခိုက်သွားမှာ ဖြစ်တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ လက်နက်ချ အညံ့ခံရင် အသက်အန္တရာယ် ကင်းဝေးမယ်လို့ AA က ဆိုပါတယ်။

စစ်ကောင်စီဘက်ကတော့ ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့ကတည်းက မောင်တောမြို့ကို ဝင်ရောက်နိုင်တဲ့ ကုန်းလမ်းအားလုံးကို ပိတ်ဆို့ထးသလို မောင်တောရှိ လဘော်ဇားတံတား၊ ကံကျမြောက်ရွာတံတား၊ (၃) မိုင်တံတား၊ သံတံတား၊ ရွာသစ်ကေတံတား စတဲ့ တံတား ၅ စင်းကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မိုင်းခွဲဖျက်ဆီးထားတယ်လို့ AA ဘက်က ပြောဆိုပါတယ်။

မောင်တောရှိ စစ်ကောင်စီ နခခ (၂) ရဲ့ ကာကင်းစခန်း ၂ ခု ဖြစ်တဲ့ မကျဉ်းကုန်းကျေးရွာနဲ့နီးတဲ့ တောင်ကုန်းနှစ်ကုန်ကိုလည်း မနေ့က သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အလောင်းတွေ၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်တွေကို ရရှိခဲ့တယ်လို့ AA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဇွန်လ ၂ ရက်နဲ့ ၃ ရက်နေ့မှာ သံတွဲမြို့နယ်မှာလည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီရဲ့ Speed Boat တစ်စီး နစ်မြုပ်အောင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ AA ဘက်က ဆိုပါတယ်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီအလောင်း အမြောက်အမြား၊ လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့ပြီး ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကိုလည်း AA က ကမ်းခြေတလျှောက် လိုက်လံရှင်းလင်းနေတယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့နေရာဟာ သံတွဲ၊ ငပလီ (မဇင်) လေယာဉ်ကွင်းနဲ့ မိုင်အနည်းငယ်သာ ကွာဝေးတဲ့ နေရာ ဖြစ်ပါတယ်။

အမ်းမြို့မှာလည်း စစ်ကောင်စီရဲ့ တောဟိန်းတောင်စခန်းကို AA က ထိုးစစ်ဆင်နေပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။

ဇွန်လ ပထမပတ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အရေအတွက် ၄၀၀ ကျော် သေဆုံးခဲ့ပြီး အမ်း၊ သံတွဲ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

The Tanintharyi Times