ဝန်ထမ်းနှစ်ဦးအသတ်ခံရပြီးနောက် ထားဝယ်ထောင်မှာ အကျဥ်းသားမိသားစုဝင်တွေကို ဆက်ဆံရေးပြောင်းလာ

ဝန်ထမ်းနှစ်ဦးအသတ်ခံရပြီးနောက် ထားဝယ်ထောင်မှာ အကျဥ်းသားမိသားစုဝင်တွေကို ဆက်ဆံရေးပြောင်းလာ

ထားဝယ်ထောင်က အကျဉ်းထောင်ဝန်ထမ်းတွေဟာ ထောင်ဝင်စာပို့သူတွေအပေါ် အာဏာပြ ဟိန်းဟောက်တာတွေ အရင်လို သိပ်မရှိတော့ဘဲ ဆက်ဆံရေးပုံစံပြောင်းလာတယ်လို့ အကျဥ်းသားမိသားစုဝင်တွေက ပြောပါတယ်။

“စကားသံကအစ ချိုသာနေတာ။ အထဲဝင်ကြ မိုးစိုမယ်တဲ့။ အရင်ကဆို အပြင်မှာမုန်တိုင်းပဲတိုက်တိုက်၊ မိုးကြိုးပဲပစ်ပစ် အာရုံမလာဘူးလေ” လို့ အကျဥ်းသားမိသားစုဝင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ထောင်ဝန်ထမ်းတွေ ဆက်ဆံရေးပြောင်းလဲလာတာက ထားဝယ်မှာ ထပ်မံဆောက်လုပ်နေတဲ့ထောင်အသစ်နေရာမှာ ဝန်ထမ်းနှစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ပစ်သတ်ခဲ့တဲ့ ဖြစ်စဉ် ပြီးခဲ့တဲ့တစ်ပတ်က ဖြစ်ပြီးနောက်ပိုင်းမှာ သိသာလာတာလို့ အကျဉ်းသားမိသားစုဝင်တွေက ပြောပါတယ်။

ထောင်ဝင်စာပါဆယ်ပို့တဲ့ အကျဥ်းသားမိသားစုဝင်တွေကို အရင်ကဆိုရင် မထီမဲ့မြင်ပြောဆိုတာ၊ အာဏာပြဟိန်းဟောက်တာနဲ့ တိုကင်စာရွက်ကို ကြဲချပြီးမြေမှာကောက်ခိုင်းတာမျိုးတွေအထိ ဝန်ထမ်းတွေက ပြုလုပ်ခဲ့တာပါ။

ထောင်ကျနေတဲ့ နိုင်ကျဉ်းတစ်ဦးရဲ့ မိသားစုဝင်တစ်ဦးကတော့ ပါဆယ်လက်ခံတဲ့နေရာမှာဆိုရင် ပြေပြေလည်လည်ဆက်ဆံဖို့ အထက်ကအမိန့်ပေးထားတယ်လိုတောင် ထင်ရတယ်လို့ သူ့အတွေ့အကြုံကို ပြောပြပါတယ်။

ဝန်ထမ်းနှစ်ဦး ပစ်သတ်ခံရတဲ့ဖြစ်စဥ်မတိုင်ခင် ပြီးခဲ့တဲ့လမှာလည်း ထားဝယ်ထောင်တွင်းက နိုင်ငံရေးအကျဥ်းသားတွေက ထောင်အာဏာပိုင်တွေကိုအရေးယူပေးဖို့ တော်လှန်ရေးအဖွဲ့တွေကို အကူအညီတောင်းခံတဲ့ အိတ်ဖွင့်စာတစ်စောင်ကို ပေးပိုခဲ့ဖူးပါတယ်။

ဒါ့အပြင် အကျဥ်းသားမိသားစုဝင်တချို့ကလည်း တော်လှန်ရေးအဖွဲ့တွေ ထောင်နဲ့ပတ်သက်ပြီး နှုတ်ဆိတ်မနေဖို့ တောင်းဆိုခဲ့တာတွေလည်း ရှိခဲ့ပါတယ်။

ထားဝယ်ထောင်နဲ့နီးစပ်သူတွေပြောပြချက်အရတော့ အိတ်ဖွင့်စာပေးဖို့တာနဲ့ ဝန်ထမ်းသတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်တွေ ဖြစ်ပွါးပြီးနောက်ပိုင်းမှာ အကျဉ်းထောင်ဝန်ထမ်းတချို့ ထောင်ပြင်ပမှာ ပေါ်ပေါ်ထင်ထင်သွားလာတာတွေ သိပ်မရှိတော့ဘူးလို့ သိရပါတယ်။

အခုရက်ပိုင်းမှာလည်း အကျဉ်းထောင်ဝန်ထမ်းတချို့ထောင်ဝင်းထဲမှာ မောင်းပြန်သေနတ်တွေကိုင်ဆောင်ပြီး ကင်းစောင့်နေတာတွေရှိလာတယ်လို့လည်း မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

ထားဝယ်အကျဥ်းထောင်မှာ တနှစ်ကျော်ထောင်ဒဏ်ကျခဲ့ဖူးတဲ့ နိုင်ငံရေးအကျဥ်းသားတစ်ဦးကတော့ “သူတို့ အစကတည်းက မှန်မှန်ကန်ကန်နေရင် ဘာမှကြောက်စရာမလိုပါဘူး။ ပါဆယ်ဌာနဆိုရင်လည်း မိသား​စုတွေအဆင်ပြေအောင်လုပ်ပေးရမယ့်အစား အာဏာရှင်နဲ့ အလိုတူအလိုပါ လုပ်တယ်။ ခက်ခဲအောင်လုပ်တယ်၊ ဖိနှိပ်တယ်။ အခုက ကိုယ်ဖြစ်ရင် ကိုယ်ခံရမှာပဲ။” လို့ ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ ထားဝယ်အကျဉ်းထောင်မှာ အာဏာပိုင်တွေ အပြောင်းအလဲရှိခဲ့သလို စစ်တပ်က စီးနှင်းရှာဖွေတာတွေလည်း အခုနှစ်ထဲရှိခဲ့ပါတယ်။ ဒါ့အပြင် ထောင်နံရံအနီးပေါက်ကွဲမှုလည်း နှစ်ကြိမ် ဖြစ်ပွါးခဲ့ဖူးပါတယ်။

တနင်္သာရီတိုင်းထဲက အကျဥ်းထောင်တွေထဲမှာ ထားဝယ်အကျဥ်းထောင်ဟာ နိုင်ငံရေးအကျဉ်းသားအများဆုံးရှိတဲ့ အကျဉ်းထောင်ဖြစ်ပါတယ်။ ထောင်မှာရှိတဲ့ အကျဥ်းသား ၁၀၀၀ ကျော်မှာ ၄၀၀ ဝန်းကျင်ကနိုင်ငံရေးအကျဥ်းသားတွေ ဖြစ်ပါတယ်။

The Tanintharyi Times