ထောင်အာဏာပိုင်တွေကို အရေးယူပေးဖို့ တော်လှန်ရေးအဖွဲ့တွေဆီကို ထားဝယ်ထောင်နိုင်ကျဥ်းတွေ အိတ်ဖွင့်စာပေးပို့ အကူအညီတောင်း

ထောင်အာဏာပိုင်တွေကို အရေးယူပေးဖို့ တော်လှန်ရေးအဖွဲ့တွေဆီကို ထားဝယ်ထောင်နိုင်ကျဥ်းတွေ အိတ်ဖွင့်စာပေးပို့ အကူအညီတောင်း

အကြမ်းဖက်နှိပ်ကွပ်နေတဲ့ ထောင်အာဏာပိုင်တွေကို အရေးယူပေးဖို့ တော်လှန်ရေးအဖွဲ့တွေကို အကူအညီတောင်းခံထားတဲ့ အိတ်ဖွင့်ပေးစာတစ်စောင်ကို ထားဝယ်ထောင်မှာရှိတဲ့ နိုင်ငံရေးအကျဥ်းသားတွေက ပေးပို့လိုက်ပါတယ်။

ထားဝယ်ထောင်ကို အသစ်ပြောင်းလာတဲ့ ထောင်မှူးကြီး (ထောင်ပိုင်) ဦးဥာဏ်လင်းအောင်နဲ့ ထောင်အရာရှိ ဦးအောင်ချိုဦးတို့ဟာ အကျဥ်းသားတွေအပေါ် စစ်ကောင်စီအလိုကျ ဖိနှိပ်၊ နှိပ်ကွပ်တာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် လိုအပ်သလိုအရေးယူပေးဖို့ တောင်းဆိုတယ်လို့ ထားဝယ်နိုင်ငံရေးအကျဥ်းသားများကွန်ရက်က တဆင့်ထုတ်ပြန်တဲ့ အိတ်ဖွင့်ပေးစာမှာရေးသားထားပါတယ်။

“လက်ရဲဇက်ရဲဖြစ်နေတဲ့သူတွေကိုအရေးယူဖို့ပါ။ ဘယ်လိုပုံစံအရေးယူမလဲဆိုတာကတော့ တော်လှန်ရေးအဖွဲ့တွေရဲ့စည်းမျဥ်း၊ စည်းကမ်းအတိုင်းပေါ့။ သူတို့တခုခု အရေးယူမခံရဘူး၊ သတိပေးမခံရဘူးဆိုရင် အခုထက်ပိုပြီး လက်ရဲဇက်ရဲ ရှိလာလိမ့်မယ်။” လို့ ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက် DPPN ရဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဦးအောင်ချိုဦးဆိုတဲ့ ထောင်အရာရှိကတော့ နိုင်ငံရေးအကျဥ်းသားတွေကို ပစ်မှတ်ထားပြီး သီးသန့်အကြမ်းဖက် ရိုက်နှက်၊ နှိပ်စက်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မိသားစုကပေးပို့တဲ့ ထောင်ဝင်စာပါဆယ်က အစားအသောက်ကို ကန့်သတ်ခံထားရသလို လွတ်လွတ်လပ်လပ် စာပေရေးသားခွင့်၊ ပန်းချီ‌ရေးဆွဲခွင့်တွေကို မပေးတော့ဘဲ စာရေးကိရိယာတွေကို သိမ်းဆည်းလိုက်တယ်လို့ အိတ်ဖွင့်ပေးစာမှာ ရေးသားထားပါတယ်။

အမည်မဖော်လိုတဲ့ အကျဥ်းသားမိသားစုဝင် တစ်ဦးက “ဒီစာထွက်လာတာကျမတော့ အရမ်းကြိုက်တယ်။ သူတို့ တကယ်ခံနေရတာလေ။ တော်လှန်ရေးအဖွဲ့တွေကိုပြောချင်တယ်။ ထောင်နဲ့ပတ်သက်ပြီးတိတ်မနေပါနဲ့။ ဖိနှိပ်နေတဲ့သူတွေကို ကြောက်စိတ်ရိုက်ထည့်ပေးပါ။” လို့ ပြောပါတယ်။

ထားဝယ်ထောင်တွင်းအကျဥ်းသားတွေဟာ နဂိုကတည်းက ဖိနှိပ်ခံရနေပြီးသားဖြစ်တာကြောင့် အခုလိုတောင်းဆိုမှုအတွက် ပိုမိုဖိနှိပ်ခံရမှာကို ထွေထွေထူးထူးမစိုးရိမ်ဘူးလို့လည်း အကျဥ်းသားမိသားစုဝင် အမျိုးသမီးက မှတ်ချက်ပြုပါတယ်။

“ကိုယ်တွေဖက်ကချည်းပဲ ကြောက်လာရတာများပြီ။ သူတို့ကိုင်ထားတာရေမဟုတ်ဘဲ ဖန်ကွဲစတွေဆိုတာသိအောင်ပြပေးပါ” လို့ တော်လှန်ရေးအဖွဲ့တွေကို ရည်ရွယ်ပြီး သူက ဆက်ပြောပါတယ်။

ထားဝယ်ထောင်ဟာ နယ်လုံဝန်ကြီးဝင်ရောက်စစ်ဆေးပြီးကတည်းက ဝန်ထမ်းတွေရော အကျဥ်းသားတွေကိုပါ စစ်ဆေးတာတွေလုပ်ဆောင်ပြီး ထောင်ဝန်ထမ်း ၉ ဦးကို အကျဥ်းထောင်များ ဥပဒေ ပုဒ်မ ၄၂ နဲ့ ထောင်ဒဏ် ၆ လစီအမိန့်ချခဲ့ပါတယ်။ဒါ့အပြင် ထောင်ဆေးမှူးကြီးကိုလည်း ပုဒ်မနှစ်ခုနဲ့ ထောင် ၁၁ လအမိန့်ချထားပါတယ်။

အလားတူ မူးယစ်ဆေးပုဒ်မအပါအဝင် ပုဒ်မအမျိုးမျိုးနဲ့ တရားရင်ဆိုင်နေရတဲ့ ထောင်ပိုင်ဟောင်းနဲ့ ဒုထောင်ပိုင်ဟောင်းအပါအဝင် ထောင်အရာရှိ ၆ ဦးထပ်မနည်းလည်းရှိနေပါသေးတယ်။

အကျဥ်းသားထဲမှာတော့ မူးယစ်ဆေးပုဒ်မတွေနဲ့တရားစွဲခံထားရတဲ့ အကျဥ်းသား ၆ ဦးနဲ့ ထောင်တွင်းပြစ်ဒဏ်ချခံထားရတဲ့ အကျဥ်သား ၁၀ ဦးဝန်းကျင်ရှိပါတယ်။

ဒီနေ့ထုတ်ပြန်တဲ့ အိတ်ဖွင့်ပေးစာမှာတော့ အကျဥ်းသားတွေရဲ့ အခက်အခဲတွေကို တတ်နိုင်တဲ့ဘက်က စာနာကူညီပေးခဲ့တဲ့ ထောင်မှူးကြီးနဲ့ ဆေးမှူးကြီးတို့ကို ရာထူးကဖယ်ရှားပြီး ထောင်တွင်းအကျဥ်းချတိုက်ပိတ်ထားတယ်လို့ ရေးသားထားပါတယ်။

အဲဒီလိုဖမ်းဆီးတာတွေ လုပ်ဆောင်ပြီးနောက် လစ်လပ်နေတဲ့ ဝန်ထမ်းနေရာတွေကို စစ်ကောင်စီတပ်သားတွေက ယူနီဖောင်းပြောင်းလဲဝတ်ဆင်ပြီး တာဝန်ထမ်းဆောင်နေတယ်လို့လည်း သိရပါတယ်။

ထားဝယ်ထောင်ဟာ တနင်္သာရီတိုင်းက အကျဥ်းထောင်သုံးခုထဲမှာ နိုင်ငံရေးအကျဥ်းသား အများဆုံးအကျဥ်းထောင်ဖြစ်ပြီး အကျဥ်းသား ၁၀၀၀ ကျော်မှာ ၄၀၀ ဝန်းကျင်ကနိုင်ကျဥ်းတွေဖြစ်ပါတယ်။

The Tanintharyi Times