သံတွဲ၊မောင်ရွှေလေး ရေတပ်စခန်းကို AA သိမ်းပိုက်ရရှိ

သံတွဲ၊မောင်ရွှေလေး ရေတပ်စခန်းကို AA သိမ်းပိုက်ရရှိ

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ ရှိတဲ့ စစ်ကောင်စီရဲ့ မောင်ရွှေလေး ရေတပ်စခန်းကို အာရက္ခတပ်တော် AA က စက်တင်ဘာ ၅ ရက် ညနေပိုင်းမှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း AA က ထုတ်ပြန်ပါတယ်။

သံတွဲမြို့နယ်အတွင်း စစ်ကောင်စီရဲ့ လက်ကျန်စခန်းကြီး တစ်ခုဖြစ်တဲ့ ရေတပ်ပင်မရေငုပ်နှင့် ဆယ်ယူရေး တပ်စခန်း (တပ်မတော်-ရေ) CNDSD စခန်းနဲ့ အဲဒီပတ်ဝန်းကျင်မှာရှိတဲ့ စစ်ကောင်စီစစ်ကြောင်းတွေကို အာရက္ခတပ်တော်က ဩဂုတ် ၇ ရက်နေ့မှာ စတင်ထိုးစစ်တင်ခဲ့အပြီး အခု အချိန် ၁ လအကြာမှာ သိမ်းပိုက်ရရှိခဲ့တာပါ။

AA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့ အချိန် ၁ လတာအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀၀ ကျော်ကို ရှင်းလင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မောင်ရွှေလေးကျေးရွာ၊ ကွင်းဝိုင်းကျေးရွာ၊ သပြုချိုင်ကျေးရွာမှာ ရှိတဲ့ တပ်မတော်-ရေတပ်စခန်းနဲ့ အနီးဝန်းကျင်မှာရှိတဲ့ စစ်ကောင်စီ စစ်ကြောင်းတို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း အင်အား ၁၂၀၀ ကျော် ရှိနေတယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အဆိုပါ ရေတပ်စခန်းမှာ နေရာအစုံက စစ်ရှုံးလို့ ထွက်ပြေးလွတ်မြောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ လတ်တလော စစ်သင်တန်းဆင်းလာကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ တခြားနေရာကနေ စစ်ကူအမြောက်အများနဲ့ အင်အားဖြည့်တင်းထားတဲ့ နေရာ ဖြစ်ပါတယ်။

စစ်ကောင်စီဘက်က လေကြောင်း၊ ရေကြောင်း ပစ်ကူ အများအပြားနဲ့ ခုခံခဲ့ပေမယ့် အာရက္ခတပ်တော်ရဲ့ ဗျူဟာမြောက် ထိုးစစ်အောက်မှာ ယင်းရေတပ်စခန်းကို စစ်ကောင်စီက လက်လွှတ်လိုက်ရတာ ဖြစ်တယ်လို့လည်း AA က ထုတ်ပြန်ထားပါတယ်။

ရေတပ်စခန်းကို AA က သိမ်းပိုက်ရရှိပြီးနောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀၀ ကျော် သေဆုံးတဲ့အပြင် စစ်အသုံးအဆောင်ပစ္စည်း လက်နက်ခဲယမ်း အမြောက်အများကို သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်ကတော့ ကျဆုံး၊ ဒဏ်ရာရတဲ့ သူတို့ရဲ့ တပ်ဖွဲ့ဝင်တွေကို စစ်တွေနဲ့ ဧရာဝတီတိုင်းဘက်သို့ စစ်သင်္ဘောတွေနဲ့ အကြိမ်ကြိမ် သယ်ယူရွှေ့ပြောင်းသွားပြီး ကျန်ရှိနေတဲ့ ရုပ်အလောင်းတွေကိုတော့ AA တပ်ဖွဲ့ဝင်တွေက ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့တယ်လို့ သိရပါတယ်။

မနေ့ မနက်ပိုင်းက စစ်တွေမြို့ရှိ စစ်ကောင်စီတပ်စခန်းဖြစ်တဲ့ အမှတ် (၁၂) ရဲတပ်ရင်းကနေ လည်းကောင်း၊ စစ်တွေပွိုင့် ရေတပ်စခန်းကလည်းကောင်း AA က သိမ်းပိုက်ရရှိထားတဲ့ ပေါက်တော်မြို့အတွင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် လူနေအိမ်တချို့ ပျက်စီးခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ စစ်ရှုံးလို့ စခန်းတွေကို စွန့်လွှတ်ရတဲ့အခါတိုင်းမှာ အရပ်သားပြည်သူတွေရှိရာဘက်ကို လက်နက်ကြီး၊ လေကြောင်းနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတယ်လို့လည်း AA ဘက်က ပြောဆိုပါတယ်။

မောင်တောမြို့မှာတော့ လက်ရှိအချိန်အထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်တယ်လို့လည်း AA က ထုတ်ပြန်ပါတယ်။

အာရက္ခတပ်တော်ဟာ သံတွဲလေဆိပ်ကိုလည်း သိမ်းပိုက်ရရှိထားသလို အခု သံတွဲရှိ မောင်ရွှေလေးရေတပ်စခန်းကိုလည်း ရရှိလိုက်ပြီး ဖြစ်တာကြောင့် စစ်ကောင်စီပိုင် လေဆိပ်နဲ့ ရေတပ်တွေကို ပထမဆုံး သိမ်းပိုက်နိုင်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ဖြစ်လာခဲ့ပါတယ်။

The Tanintharyi Times