နောင်ချိုမြို့၊ ခမရ (၁၁၅) တပ်စခန်းကို TNLA သိမ်းပိုက်၊ လက်နက်ခဲယမ်း ၃၈၀ ကျော် သိမ်းဆည်းရမိ

နောင်ချိုမြို့၊ ခမရ (၁၁၅) တပ်စခန်းကို TNLA သိမ်းပိုက်၊ လက်နက်ခဲယမ်း ၃၈၀ ကျော် သိမ်းဆည်းရမိ

ရှမ်းပြည်နယ်၊မြောက်ပိုင်း နောင်ချိုမြို့နယ် မှာရှိတဲ့ စစ်ကောင်စီရဲ့ ခမရ (၁၁၅) တပ်စခန်းကိုတိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က သတင်းထုတ်ပြန်ပါတယ်။

တအာင်းတပ်မတော် ၂ စစ်ဒေသ၊ နောင်ချိုမြို့ရှိတဲ့ စစ်ကောင်စီ ခမရ (၁၁၅) တပ်စခန်းကိုTNLA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) MDY-PDF တို့ပူးပေါင်း တိုက်ခိုက်သိမ်းပိုက်သိမ်းယူနိုင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

စခန်းသိမ်းတိုက်ပွဲ အတွင်း စစ်ကောင်စီရဲ့ လက်နက်ခဲယမ်း ၃၈၀ ကျော် သိမ်းပိုက်ရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။

၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) ရဲ့ ၄ ရက်မြောက်နေ့ဖြစ်တဲ့ ဒီကနေ့မှာ တအာင်းတပ်မတော်ဘက်က သိမ်းဆည်းရမိတဲ့ စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းစာရင်းတွေကို ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

ခမရ (၁၁၅) တပ်စခန်းကနေ MA-1 ၂၄ လက် ၊ MA-2 ၁၃ လက် ၊ MA-3 ၃၆ လက် ၊ MA-4 ၃ လက် ၊ M22 ၁ လက် ၊ G3 ၁၀ လက် ၊ ရိုင်ဖယ်သေနတ် ၁၀၃ လက်၊ ကာဘိုင်သေနတ် ၁၅၉ လက် ၊ MA-15 (ငါးဂျင်းမီး) ၁ လက် ၊ 0.5 ၁ လက် ၊ M79 ၁ လက် ၊ RPG-7 ၄ လက် ၊ ၆၀ မမ ၂ လက် ၊ ပြောင်းသေး ၆၀ မမ ၁၀ လက် ၊ လက်နက်ငယ် ကျည်အမျိုးမျိုး ၅၀,၀၀၀ ကျော်၊ RPG 60/80 mm ကျဉ်အမျိုးမျိုး ၅၀၀ ကျော် ၊ ဗုံးသီး ၊ မိုင်း နဲ့ စကားပြောစက် တို့ကို သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။

ဇွန် ၂၆ ရက်နေ့ကလည်း နောင်ချိုမြို့ ကံ့ကော်တပ်စခန်းနဲ့ အခြားတပ်စခန်းက လက်နက် ၅၀ ကျော်နဲ့ လက်နက်ချ အလင်းဝင်ခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦးဆီကနေ လက်နက် ၅၀ ကျော်ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားတာပါ။

မနေ့ကတော့ နောင်ချို မြို့မရဲစခန်းကို TNLA က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှာ မူးယစ်ဆေးဝါး အမြောက်အများကို ရှာဖွေသိမ်းဆည်းရမိတယ်လို့လည်း ဆိုပါတယ်။

ရှမ်းမြောက် တအာင်းဒေသရဲ့ တကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးအတွင်း လက်ရှိအချိန်အထိ စစ်ကောင်စီတပ်စခန်းပေါင်း ၃၀ နီးပါးကို TNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ရရှိထားပါတယ်။

စစ်ကောင်စီက လေယာဉ်ကနေ ဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဇွန် ၂၅ ကနေ ဇွန် ၂၇ အထိ ၃ ရက်အတွင်း ပြည်သူ (၉) ဦး သေဆုံးပြီး ပြည်သူ (၂၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA ထုတ်ပြန်ချက်အရ သိရပါတယ်

The Tanintharyi Times