ချွေးငုပ်ခြင်းနဲ့ သတိပြုစရာတွေ

ချွေးငုပ်ခြင်းနဲ့ သတိပြုစရာတွေ

လူ့ခန္ဓာကိုယ်အတွက် ချွေးက လိုအပ်ပါတယ်။ချွေးရဲ့အရေးကြီးဆုံးတာဝန်က ခန္ဓာကိုယ် အတွင်းရှိ အပူကို စွန့်ထုတ်ပေးပြီး ပုံမှန် အပူချိန် ၃၈ဒီဂရီစင်တီဂရိတ်မှာ အမြဲရှိနေနိုင်အောင် ထိန်းထားပေးတာပါ။

ပူပြင်းတဲ့ ရာသီမှာပုံမှန်အားဖြင့် ချွေးထွက်ကြပါတယ်။လူတစ်ယောက်နဲ့တစ်ယောက် ချွေးထွက်တဲ့အစိတ်အပိုင်းတွေ ကတော့ မတူညီကြပါဘူး။

အခြားသူတွေက ချွေးထွက်ပေမယ့် မိမိမှာချွေးတစ်စက်မှမထွက်ဘဲ ဖြစ်နေခြင်းကလည်း မကျန်းမာခြင်းတစ်မျိုး ဆိုတာကို သတိပြုစေချင်ပါတယ်။ ပြင်ပဥတုပူနေတဲ့ကြားက ချွေးလုံးဝမထွက်ခြင်းက စိုးရိမ်ဖွယ် ဖြစ်ပါတယ်။

ပူတဲ့ ဥတုမှာ ချွေးလုံးဝမထွက်ခြင်းကို ချွေးငုပ်ခြင်းလို့ ခေါ်ပါတယ်။ ချွေးငုပ်ခြင်းက ပူပြင်းတဲ့ ဥတုမှာ ကြုံတွေ့ ရလေ့ ရှိပါတယ်။

ချွေးငုပ်ရင် ကိုယ်ထဲမှအပူကိုစွန့်ထုတ်နိုင်စွမ်းကျပြီး ကိုယ်တွင်းအပူချိန်များလာကာ မအီမသာဖြစ်တာမျိုး ခံစားရနိုင်ပါတယ်။

▪️ချွေးငုပ်ခြင်းဖြစ်စေတဲ့ အကြောင်းတွေ

– အာရုံကြောစနစ်ပျက်စီးနေခြင်း

– ကင်ဆာရောဂါရှိနေခြင်း

– ဆီးချိုရောဂါအခံရှိခြင်း

– ဓာတ်ရောင်ခြည်သင့်ခြင်း

– အရေပြားရောဂါရှိခြင်း

– မီးလောင်ခံရဖူးခြင်း

– ဆေးဝါးတွေ အချိန်ကြာကြာ သုံးစွဲရခြင်း

– မျိုးရိုးလိုက်ခြင်း

– ချွေးဂလင်းများ ပျက်စီးနေခြင်း

– ပါကင်ဆန်ရောဂါရှိခြင်း

▪️ချွေးငုပ်ခြင်းရဲ့လက္ခဏာတွေ

– ချွေးလုံးဝမထွက်ခြင်း

– တစ်ကိုယ်လုံး ပူစပ်ပူလောင်ဖြစ်နေခြင်း

– မျက်နှာမှာနီရဲနေခြင်း

– ခေါင်းမူးနေခြင်း

– ကြွက်တက်ခြင်း

▪️ချွေးငုပ်တာ သက်သာစေဖို့နည်းလမ်းတွေ

ချွေးငုပ်နေတယ်ဆိုရင် လေဝင်လေထွက် ကောင်းတဲ့ နေရာကို ပြောင်းနေသင့်ပါတယ်။

လေဝင်လေထွက်ကောင်းကာ အေးပြီးပါးတဲ့ချည်သားပါတဲ့ အဝတ်အစားကိုသာ ပြောင်းလဲဝတ်ဆင်သင့်ပါတယ်။

အဝတ်အစားကို ရွေးချယ်ဝတ်ဆင်ရာမှာ အရောင်တောက်တောက်တွေထက် အရောင်နုနုလေးတွေကိုသာ ရွေးဝတ်သင့်ပါတယ်။

နေပြင်းတဲ့ နေ့များမှာ အပြင်မထွက်ဘဲ အရိပ်အာဝါသကောင်းတဲ့နေရာမှာ နေထိုင်သင့်ပါတယ်။

ကိုယ်တွင်းမှာ ငုပ်နေတဲ့အပူတွေ ကျစေဖို့ ရေများများသောက်ပေးဖို့ လိုပါတယ်။

အရည်ရွှမ်းတဲ့ သစ်သီးတွေ များများစားပေးပါ။

ရေချိုးပြီးပြီးချင်း နေအပူထဲ အပြင်ထွက်ခြင်းကိုလည်း ရှောင်ရှားသင့်ပါတယ်။

ချွေးငုပ်တတ်သူတွေ အနေနဲ့ ရေခဲရေသောက်ခြင်းကိုလည်း ရှောင်ရှားသင့်ပါတယ်။

နေအေးတဲ့အချိန်မှာ ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်း လုပ်ပေးတာကလည်း ချွေးထွက် လာနိုင်ပါတယ်။

ချွေးငုပ်ခြင်းက သာမန်အားဖြင့် စိုးရိမ်ဖွယ်ဟု မထင်ရသော်လည်း ကျန်းမာရေးကိုထိခိုက်စေတာမို့ သတိပြုစေလိုပါတယ်။အထက်ပါလက္ခဏာတွေမကြာခဏဖြစ်လာရင် နီးစပ်ရာဆေးရုံဆေးခန်းတွေဆီ အလျှင်အမြန် သွားသင့်ပါတယ်။

PKN

The Tanintharyi Times