ထားဝယ်-မြိတ်ကားလမ်းမှာ စစ်ကောင်စီကားတစ်စီး မိုင်းဆွဲခံရပြီးနောက် ၂ နာရီကျော်ကြာလမ်းပိတ် စစ်ဆေးခဲ့
ထားဝယ်-မြိတ်ကားလမ်းမှာ စစ်ကောင်စီကားတစ်စီး မိုင်းဆွဲခံရပြီးနောက် ၂ နာရီကျော်ကြာလမ်းပိတ် စစ်ဆေးခဲ့
စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ ကားတစ်စီး ထားဝယ်-မြိတ်ကားလမ်းပေါ်မှာ ဒီကနေ့မွန်းလွဲပိုင်းက မိုင်းဆွဲခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မွန်းလွဲ ၂ နာရီခွဲဝန်းကျင်လောက်မှာ ထားဝယ်ဘက်ကနေ သရက်ချောင်းမြို့ဘက်ကိုဆင်းလာတဲ့အချိန် သရက်နှစ်ခွရွာနဲ့ သင်းကျွန်းရွာကြားမှာ မိုင်းဆွဲခံခဲ့ရတာပါ။
“လမ်းကင်းဆင်းလာယူတဲ့ကားလို့ ထင်တယ်။ သုံးစီးဆင်းလာပြီး လမ်းမှာ နှစ်စီးနေခဲ့တယ်။ နောက်ဆုံးကျန်တဲ့တစ်စီးထိတာ” လို့ ဒေသခံ အမျိုးသားတစ်ဦးကပြောပါတယ်။
ကားမိုင်းဆွဲတိုက်ခိုက်ခံရလို့ စစ်ကောင်စီဘက်က ထိခိုက်မှုရှိတယ်လို့သိရပေမဲ့ အသေးစိတ်ကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ်။
မိုင်းဆွဲခံရပြီးနောက် အရေးပေါ်ကားတစ်စီးလည်း ထားဝယ်ဘက်ကို တက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေကတော့ မိုင်းဆွဲခံရတဲ့နေရာမှာ ညနေ ၅ နာရီလောက်အထိ လမ်းပိတ်ပြီး စစ်ဆေးတာတွေလုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။
ဖြတ်သန်းသွားလာရင်း မျက်မြင်တွေ့ရှိသူတစ်ဦးက “မြေတင်ကားတွေနဲ့ပါ လမ်းပိတ်ချပြီး စစ်ဆေးရှင်းလင်းနေတာ။ အင်အားလည်းများတယ်” လို့ ပြောပါတယ်။
အဲဒီလို လမ်းပိတ်ထားတာကြောင့် မြိတ်-ထားဝယ်ကားလမ်းပေါ်မှာ အတက်အဆင်း ယာဥ်တွေအစီး ၅၀ လောက်လည်း လမ်းမှာပိတ်မိနေခဲ့တယ်လို့လည်း သိရပါတယ်။
သရက်ချောင်းမြို့နယ်အတွင်း ထားဝယ်-မြိတ်ကားလမ်းတစ်ခုတည်းပေါ်မှာ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ် ၆ ခု ရှိပေမဲ့ စစ်ကောင်စီကား မိုင်းဆွဲခံရတဲ့ဖြစ်စဥ်တွေ မကြာခဏကြုံတွေ့နေရပါတယ်။
The Tanintharyi Times
