ပိတိုင်ရွာမှာ စစ်ကောင်စီယာဥ်တန်းမိုင်းဆွဲခံရပြီးနောက် အနီးအနားတစ်ဝိုက်ကို စစ်ကြောင်းထိုးနေ
ပိတိုင်ရွာမှာ စစ်ကောင်စီယာဥ်တန်းမိုင်းဆွဲခံရပြီးနောက် အနီးအနားတစ်ဝိုက်ကို စစ်ကြောင်းထိုးနေ
ထားဝယ်ဘက်ကနေ ပုလောဘက်ကို ဦးတည်မောင်းနှင်လာတဲ့ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်တပ်က အဲဒီရွာအနီးနားတစ်ဝိုက်ကို အင်အားအများအပြားနဲ့စစ်ကြောင်းထိုးနေပြီး ဒေသခံ အမျိုးသားတွေကိုဖမ်းဆီးစစ်ဆေးတာတွေလည်း လုပ်နေတယ်လို့ ဒေသခံတွေနဲ့ ဒေသတွင်းတော်လှန်းရေးအင်အားစုတွေက ပြောပါတယ်။
မိုင်းဆွဲခံရတဲ့နေရာက ထားဝယ်နဲ့ ပုလောမြို့ကြားက သရက်ချောင်းမြို့နယ်၊ ပိတိုင်ရွာမှာ ဖြစ်ပြီး ဒီကနေ့မနက် ၇ နာရီခွဲဝန်းကျင်ခန့်က ဖြစ်ပွါးခဲ့တာပါ။
ပိတိုင်ရွာမှာ မိုင်းဆွဲတိုက်ခိုက်ခံရပြီး မိနစ် ၂၀ ခန့်အကြာမှာ ၎င်းရွာနဲ့သိပ်မဝေးတဲ့ သိမ်ကုန်းရွာမှာ လမ်းကင်းချထားတဲ့ စစ်ကောင်စီတပ်သားတွေလည်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
ဒါကြောင့် ပိတိုင်မှာ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ ယာဥ်တန်းတွေဟာ ရှေ့ကို ဆက်မသွားတော့ပဲ အဲဒီနေရာမှာပဲ စစ်ကြောင်းတွေခွဲကာ ပိတိုင်ရွာနဲ့ လဘရွာတွေထဲကို စစ်တပ်အင်အား ၁၀၀ ခန့်စစ်ကြောင်းထိုးဝင်ရောက်နေတယ်လို့သိရပါတယ်။
ဒါ့အပြင် ပြင်းဖြူကြီးရွာဘက်ကိုလည်း ခြေလျင်စစ်ကြောင်း နှစ်ကြောင်းခွဲကာ စစ်တပ်ကတောနင်းရှာဖွေတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
“အရင်ကဆို ယာဥ်တန်းမိုင်းဆွဲခံရပြီးတာနဲ့ ရှေ့ကိုဆက်သွားတယ်။ အခုကမသွားတော့ဘဲ ပိတိုင်မှာ စစ်ကြောင်းတွေခွဲပြီး အနီးနားတစ်ဝိုက်ကို တောနင်းတယ်။ သိမ်ကုန်းမှာ လမ်းကင်းတွေတိုက်ခိုက်ခံရတာလည်း သိထားလို့ထင်တယ်။ ရှေ့ဆက်မတိုးတော့ဘူး” လို့ ဒေသတွင်းတော်လှန်းရေးအဖွဲ့ဝင်တစ်ဦးက စစ်ကောင်စီတပ်သားတွေရဲ့ အခြေနေကို ရှင်းပြပါတယ်။
ဒါ့အပြင် ပိတိုင်ရွာထဲရှိ မြိတ်-ထားဝယ်ကားလမ်းမပေါ်မှာလည်း စစ်ကောင်စီတပ်သား အင်အားအများအပြားနဲ့ လမ်းသွားလမ်းလာပြည်သူတွေကို စစ်ဆေးမေးမြန်းနေပြီး အမျိုးသားခရီးသွားတွေကိုတော့ ဖမ်းဆီးထားတယ်လို့ ကနဦးသိရပါတယ်။
အခုလို မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ထားဝယ်ဘက်ကနေ စစ်တပ်ကားအကြီးတွေ အင်အားအပြည့်နဲ့ ဆင်းသွားတယ်လို့လည်း သိရပါတယ်။
အပြန်အလှန်ပစ်ခတ်မှုဖြစ်စဥ်၊ နှစ်ဖက်ထိခိုက်ကျဆုံးနဲ့ ခရီးသွားပြည်သူတွေဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲအခြေနေတွေကို စုံစမ်းနေဆဲဖြစ်ပါတယ်။
သရက်ချောင်းမြို့နယ်ထဲက ပိတိုင်ရွာ၊ လဘရွာ၊ ချောက်ချောင်းရွာ၊ ပြင်းဖြူကြီးရွာ၊ သိမ်ကုန်းရွာ စတဲ့ ရွာတွေနဲ့ မြိတ်-ထားဝယ်ကားလမ်းမ တစ်လျှောက် စစ်ကောင်စီတပ်သားတွေရှိနေတဲ့ အတွက် ခရီးသွားပြည်သူတွေအနေနဲ့ သတိထားသွားလာကြဖို့ကိုလည်း ဒေသတွင်းတော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။
The Tanintharyi Times
