ထားဝယ်ရှိ စကခ (၈)ဌာနချုပ် အနီးက စစ်ကောင်စီစခန်းကုန်းကို ပြည်သူ့ကာကွယ်ရေးတပ်က တိုက်ခိုက်သိမ်းပိုက်
ထားဝယ်ရှိ စကခ (၈)ဌာနချုပ် အနီးက စစ်ကောင်စီစခန်းကုန်းကို ပြည်သူ့ကာကွယ်ရေးတပ်က တိုက်ခိုက်သိမ်းပိုက်
တနင်္သာရီတိုင်းက ဒုတိယမြောက် စခန်းသိမ်းတိုက်ပွဲဖြစ်
ထားဝယ်မြို့ရဲ့အရှေ့ဘက်မှာ ရှိတဲ့ အမှတ်(၈)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အနီးက စစ်ကောင်စီစခန်းကုန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ဗထူးစစ်ကြောင်းက ထုတ်ပြန်ပါတယ်။
အဲ့ဒီစခန်းကုန်းဟာ ခြေမြန်တပ်ရင်း (၄၀၁) နဲ့ (၄၀၂) ကြား မယ်ဝေးတောင်ပေါ်မှာ ရှိတာဖြစ်ပြီး ဗထူးတပ်မတော်နဲ့ ထားဝယ်စုပေါင်းစစ်ကြောင်းတို့က မနေ့ကညနေ ၄ နာရီခွဲဝန်းကျင်လောက်မှာ တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့တာပါ။
အခုစခန်းသိမ်းတိုက်ပွဲဟာ တနင်္သာရီတိုင်းရဲ့ ဒုတိယမြောက် စခန်းသိမ်းတိုက်ပွဲလည်းဖြစ်ပါတယ်။
စခန်းကို တိုက်ခိုက်ချိန်မှာ စစ်ကောင်စီတပ်သား ငါးဦးခန့်သာရှိနေတာကြောင့် မိနစ်ပိုင်းအတွင်း စခန်းကိုသိမ်းပိုက်နိုင်ရရှိခဲ့တယ်လို့ ဗထူးစစ်ကြောင်းရဲ့ပြန်ကြားရေးတာဝန်ခံ ရဲဘော် ထက်မြက်က ပြောပါတယ်။
“တပ်ရင်းနှစ်ခုကြားမှာဆိုတော့ အေးဆေးပဲဆိုပြီးနေတဲ့ပုံပါ။ အင်အားကလည်း နဂိုထက်တောင်နည်းနေတယ်။ ကျနော်တို့ပစ်တာတော့ စခန်းမှာရှိတဲ့ကောင်တွေအကုန်ထိတယ်” လို့
ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ပစ်ခတ်ခံရပြီးနောက် စခန်းကို စွန့်ခွာထွက်ပြေးသွားတာကြောင့် သေဆုံးမှုအခြေအနေကိုတော့ အသေးစိတ် မသိရဘူးလို့ ရဲဘော်ထက်မြက်က ဆိုပါတယ်။
သိမ်းမိခဲ့တဲ့စခန်းကနေ စစ်ကောင်စီတပ်သားတွေရဲ့သေနတ် သုံးလက်၊ ကျည်ဆံနဲ့ ဆက်စပ်ပစ္စည်းတွေသိမ်းမိခဲ့တယ်လို့ ဗထူးစစ်ကြောင်းရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ စခန်းကိုတော့ သာသနာ့နယ်မြေဖြစ်တာကြောင့် မီးရှို့ဖျက်ဆီးတာတွေမလုပ်ခဲ့ဘဲ ပြန်ဆုတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
စခန်းသိမ်းခံရပြီး မိနစ်ပိုင်းအတွင်းမှာပဲ စစ်ကောင်စီတပ်သားတွေဟာ သိမ်းခံလိုက်ရတဲ့စခန်းနေရာကို ရောက်လာခဲ့တယ်လို့ သိရပါတယ်။
မနေ့ည ၉ နာရီဝန်းကျင်လောက်မှာလည်း သိမ်းခံရတဲ့ စခန်းအနီးတဝိုက်ကို စစ်ကောင်စီ ရဟတ်ယာဥ်နှစ်စီး ရောက်လာပြီး စက်သေနတ်တွေနဲ့ ပစ်ခတ်ခဲ့သေးတယ်လို့ ဒေသခံတွေနဲ့ ရဲဘော်တွေက ပြောပါတယ်။
ဝဲကျွန်းရပ်ကွက်မှာနေထိုင်သူတဦးက”ရဟတ်ယာဥ်နဲ့လာပစ်နေတာတော့သိတယ်။ ဝေးတော့ တဖောက်ဖောက်နဲ့ကြားနေရတယ်။ အောက်ကလည်း ပစ်နေတော့အသံတွေကတော့ ရှုပ်ရှက်ခတ်နေတယ်” လို့ ပြောပါတယ်။
လေကြောင်းကပစ်ခတ်မှုကြောင့် ထိခိုက်မှုရှိမရှိကိုတော့ မသိရသေးပါဘူး။

သိမ်းခံရတဲ့အဲဒီစခန်းဟာ စစ်အာဏာသိမ်းပြီးချိန်ကစလို့ လက်ရှိအချိန်ထိ သုံးနှစ်အကြာ စစ်ကောင်စီတပ်သားတွေအထိုင်ချ တပ်စွဲထားတဲ့ စခန်းကုန်းလည်း ဖြစ်ပါတယ်။
အဲဒီစခန်းကုန်းရဲ့ ပတ်ပတ်လည်မှာ စစ် ကောင်စီတပ် ခလရ (၂၅ )၊ ခလရ (၂၆၇)၊ ခမရ (၄၀၁)တပ်ရင်း၊ ခမရ (၄၀၂) နဲ့ အမြောက်တပ် (၃၀၆) တို့ရှိပါတယ်။
တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့လ နောက်ဆုံးပတ်က ထားဝယ်မြို့နယ်၊ ဘန်းချောင်းဒေသက ကျောက်ထုစခန်းကို KNLA တပ်မဟာ – ၄နဲ့တပ်မဟာ – ၆ ကတပ်ရင်းနှစ်ခုနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ပထမဆုံးတိုက်ခိုက် သိမ်းပိုက်ခဲ့ပါတယ်။
The Tanintharyi Times
