မဲဆောက်မှာ ရဲကတ်ဆိုတာ

မဲဆောက်မှာ ရဲကတ်ဆိုတာ

မဲဆောက်ရဲ့ ဟိုဘက်ကမ်း နည်းနည်းသွားလိုက်ရင် ရောက်တဲ့ လေးကေ့ကော်မှာ နေခဲ့စဉ်အထိ မဲ ဆောက်ဆိုတာ မှုန်ကုပ်ကုပ် လူနေပြွတ်သိပ် ရာဇဝတ်မှုများစွာနဲ့ နယ်စပ်မြို့လေးလို့ အထင်ရောက်ခဲ့ဖူးတယ်။ မိတ်ဆွေတစ်ယောက် မဲဆောက်မှာ အဆင်မပြေလို့ ဈေးပေါတဲ့အခန်းတစ်ခန်းထဲ နေရရှာတယ်လို့ သတင်း ကြားတော့ ကြွက်တွင်းပမာ အကွေ့အကောက်များလှတဲ့ လှိုင်သာယာကျူးကျော်လမ်းတစ်လမ်းကို သွားသ တိရမိခဲ့တယ်။မဲဆောက်မှာလည်း လှိုင်သာယာ ကျူးကျော်တဲတွေလို မိုးရွာရင် ဗွက်ထနေတဲ့လမ်းနဲ့ ကိုယ့်အိမ် ရှေ့ သူများအိမ်သာနဲ့ နေရထိုင်ရ စိတ်ပျက်စရာ အထွေးလိုက်ကြီးပဲလို့ တွေးချင်သလို တွေးခဲ့ဖူးတယ်။

အခုမျက်လုံးနဲ့ တပ်အပ်မြင်ရတဲ့ မဲဆောက်ဆိုတာက တိုက်ကြီးတာကြီးတွေ၊ ရောင်စုံဖြာနေတဲ့ နီယွန် အလှတွေ၊ ကတ္တရာနိုင်နိုင်နင်းနင်းနဲ့ ချိုင့်ခွက်ရယ် ရှာမတွေ့ ကျယ်ကျယ်ပြန့်ပြန့် လမ်းမကြီးတွေရယ်နဲ့။ပြီးတော့ ကိုယ်တွေရောက်သွားတဲ့ရပ်ကွက်က ကျောင်းသားဆေးခန်းလို့လည်းခေါ်တဲ့ နာမည်ကျော်မယ်တော် ဆေးခန်းနဲ့ အနီးဆုံး။ မဲဆောက်မြို့ရဲ့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုလို့ ဆိုပါစို့။

အနေကြာ ကရင်တွေလည်း များမှများ။မယ်တော်ဆေးခန်းမှာ အလုပ်လုပ်နေသူတွေလည်း မနည်းလှ။ ပြီးတော့ အနေကြာ ၁၀နှစ်ခံကတ်တွေနဲ့ ကိုယ့်အိုးကိုယ့်အိမ်ဖြစ်နေတဲ့ မြန်မာတွေလည်း ရှိနေလေတော့ ထိုင်းလူမျိုးတော်တော်နည်းတဲ့ မြန်မာရပ်ကွက်လို့ ဆိုရင်လည်း မမှား။

အဲဒီလို ရပ်ကွက်တစ်ခုရဲ့ ၃ထပ်တိုက်ပေါ်ကို ကျနော်တို့ ရောက်လာကြတယ်။၂၀၂၁ခုနှစ်၊ဒီဇင်ဘာ၂၃ ရက်ည။ တစ်လဌားရမ်းခ ဘတ်၅၀၀၀ ပေးရတယ်တဲ့။ မြေညီထပ်က ချက်ဖို့ပြုတ်ဖို့နဲ့ စားသောက်ဖို့ ဟော type ပုံစံနဲ့ ရေချိုးခန်းအိမ်သာ။ ဒုတိယထပ်ကျတော့ အခန်းဧရိယာရဲ့တစ်ဝက် အခန်းမရှိ၊ ကျနော်တို့ ကျား၃ယောက် မွေ့ယာခင်းပြီး အိပ်ကြ။ ဒုတိယထပ်ကျမှ အိမ်ခန်းကျယ်၂ခန်းနဲ့ ရေချိုးခန်းအိမ်သာ။၂၄နာရီ မီးပြတ်ခဲ ရေပြတ် ခဲမို့ မြန်မာနိုင်ငံက လျှပ်စစ်မီးမလာလို့ ဒုက္ခရောက်ရပါတယ်ဆိုတာမျိုး မရှိ။

ကိုယ်တွေ ၃ထပ်တိုက်၂ခန်းတွဲရဲ့အနောက်မှာက ပုံစံတူ၂ခန်းတွဲရှိသလို ဖင်ချင်းပေါက် နောက်ဖေး မြေကွက်လပ်ကို ကွန်ကရစ်အပြည့်ခင်းထားတာကြောင့် ရန်ကုန်က နောက်ဖေးလမ်းကြား အမှိုက်တွေ၊ လောက် တွေ၊ ယင်တွေ၊ ကြွက်တွေနဲ့ ပွထနေတာမျိုး ကင်းပ။

အဲဒီနောက်ဖေးလမ်းမှာ ခုံကလေးတစ်လုံးချ အေးအေးလူလူ နားချင်နား၊ အဲဒီနောက်ဖေးကနေပဲ နောက်ဖေးအိမ်တွေ၊ ဘေးအိမ်တွေနဲ့ မိတ်ဖွဲ့ကြ။ သူတို့ကလည်း ကိုယ်တွေလို ပြည်ပြေးမြန်မာ။ ပြီးတော့ ကိုယ့်ထက် သုံး၊ လေးလကြာ မဲဆောက်ကို စောစောစီးစီးရောက်နေကြသူတွေမို့ မဲဆောက်နေနည်းကို သင်ယူရ။

‘အိမ်ရှေ့ဘာဂျာတံခါးကို အပြည့်မဖွင့်ထားတာ အကောင်းဆုံးပဲ’တဲ့။

ဘာလို့လဲလို့ မေးကြည့်တော့ ကိုယ်တွေက တရားမဝင် ပြည်ပြေး၊ ရဲ တွေ ဝင်လာရင် ဘာတတ်နိုင်မှာလဲတဲ့။ ကိုယ်က ဂျာနယ်လစ်မို့ နည်းနည်းလေး ထပ်လျှာရှည်မိ။

“အဲဒီလို အိမ်ထဲထိ ဝင်ဖမ်းတာမျိုးရှိလား”

“ထိုင်းရဲတွေက ပိုက်ဆံလိုချင်နေတာ။ အိမ်ထဲထိ ဝင်ဖမ်းတာမျိုး မကြားဘူးပေမဲ့ အိမ်ထဲထိဝင်ဖမ်းတော့ရော ကျနော်တို့က ဘာတတ်နိုင်မှာလဲ’လို့ နောက်ဖေးအိမ်နေ အစ်ကိုတစ်ယောက်က ဆိုရဲ့။

“ပြီးတော့ ခင်ဗျားတို့အတွက် ပိုဆိုးတာက ရဲကတ်မလုပ်ထားသေးတော့ ပိုလို့တောင် တရားမဝင် ဖြစ် နေသေးတယ်။ ရဲကတ်မလုပ်ထားတဲ့ မြန်မာကို ရဲတွေမိလို့ကတော့ ပိုက်ဆံ ၅၀၀၀၊၁၀၀၀၀ တောင်းတော့တာ” တဲ့။

အဲဒီမှာ ရဲကတ်ဆိုတဲ့စကားကို စကြားရတယ်။ပြောပြနေတဲ့ အစ်ကိုက ဧည့်လာလို့ဆိုပြီး ပြန်ထွက်သွားလေတော့ ရဲကတ်ဆိုတာ ဘာလဲ မသိလိုက်။

ဘာပဲဖြစ်ဖြစ် ကိုယ်တွေအိမ်က လမ်းသွယ်တစ်ခုရဲ့ လမ်းသွယ်တစ်ခုထဲမှာ ဆိုပေမဲ့ ခြံစည်းရိုးမရှိတဲ့ လမ်းဘေးက အိမ်။ အချိန်မရွေး ရဲတွေဝင်လာရင် တကယ့်ကို ဘာမှမတတ်နိုင်။သူတို့တောင်းသလောက် ပိုက်ဆံပေးနိုင်ရင် ပေး။ မပေးနိုင်ရင်တော့ ထောင်ထဲသွား။ ထောင်ထဲက ပြန်ထွက်လာပြီး ဟိုဘက်ကမ်းပြန်ပို့ရင် စစ်အာဏာရှင်ကို ကလောင် ၃မျိုးလောက်နဲ့ ဆန့်ကျင်ရေးသားနေတဲ့ ကိုယ့်အတွက် ဘာမဆိုဖြစ်သွားနိုင်သလို ဂျာနယ်လစ်ဆိုရင် စစ်အုပ်စုက လင်လုဖက်လို သဘောထားနေတာကြောင့် ဘယ်ဂျာနယ်လစ် မဆိုလည်း ဘာမဆို ဖြစ်သွားနိုင်တာမို့ အပေါ်အောက်တွန်းဖွင့်ရတဲ့ ဘာဂျာတံခါးကို ဖွင့်တယ်ဆိုရုံသာ ဖွင့်ရဲတော့တယ်။

ပြီးတော့ လမ်းသွယ်ထိပ်က ထမင်းဆိုင်မှာ ထမင်းဟင်းသွားဝယ်တော့ ဆိုင်ရှင် အနေကြာမြန်မာ လင်မယားက လကုန်ရင် ရဲကတ်လုပ်ထားဖို့ လိုမယ်တဲ့။ နောက်တစ်ခါ ကြားရပြန်တဲ့ ရဲကတ်။ ရဲကတ်ဆိုတဲ့စကား ထပ်ကြားနေခိုက်မှာပဲ ဆိုင်ကယ်တစ်စီးနဲ့ ရဲ၂ယောက်လာနေလို့ ဆိုင်ရှင်က သူတို့ဆိုင်အတွင်းထဲ ဝင်နေဖို့ ခေါ်တယ်။

ကိုယ့်မှာ ခြေဖျားလက်ဖျားတွေ အေးစက်ရ။ ဆိုင်ထဲကို တစ်ချက်လှမ်းကြည့်ပြီး ဖြတ်သွားတဲ့ရဲတွေက ဖြုံချင်စရာ။ ယူနီဖောင်းအရောင် မြန်မာနဲ့ မကွာလှပေမဲ့ ထိုင်းရဲဆိုတာက အင်မတန်စမတ်ကျကျ။ သာမန်လူ တစ်ယောက်ကို အသာလေးလှဲပစ်လိုက်နိုင်တဲ့ အရပ်အမောင်းကောင်းကောင်း၊ အလုံးအထည်တောင့်တောင့်။ စီးလာတဲ့ဆိုင်ကယ်ကလည်း ဘယ်ဆိုင်ကယ်ကိုမဆို အလွယ်ကျော်ဖြတ်နိုင်တဲ့ Honda CBR 300 ဆိုလား။

ကိုယ်တွေတစ်သက် မြင်ခဲ့ဖူးတဲ့ ရဲဆိုတာက ပိန်လိန်ခြောက်ကပ်၊ သေးသေးကွေးကွေး၊ ယူနီဖောင်းဆို တာကလည်း အရောင်အဆင်း မွဲပြာပြာ၊ ချိနဲ့နဲ့ စက်ဘီးအိုကြီးကို စီးကာရယ်။ဘယ်လိုကြည့်ကြည့် အဆင့်အတန်း မရှိ။

“အဲဒီဆိုင်ကယ်က ရဲတွေစီးဖို့ ရဲရုံးက ထုတ်ထားပေးတာ။ အဲဒီဆိုင်ကယ်ပေါ်မှာ ရဲ၂ယောက်အမြဲပါလေ့ ရှိတယ်။ ဒီလမ်းထဲကို မနက်ပိုင်း၉နာရီကျော်တစ်ခါ၊ ညနေပိုင်းတစ်ခါ နေ့စဉ် ပတ်လေ့ရှိတယ်”

“ထိုင်းရဲတွေက တာဝန်ကျေလှချည့်လား။ လုံးဝမပျက်မကွက် ပတ်တာပဲလား”

“တာဝန်ကျေတာ မဟုတ်ဘူး ညီလေး။ ပိုက်ဆံလိုက်ရှာတာ။ သူတို့က အဲဒီလိုပတ်ပြီး မြန်မာတွေကို လိုက်စစ်တာ။ တရားဝင်ကတ်လည်းမရှိ၊ ရဲကတ်လည်း မလုပ်ထားရင်တော့ ဘတ် ၅၀၀၀ အနည်းဆုံးပဲ”တဲ့။

ဆက်တိုက်ကြားနေရတဲ့ ရဲကတ်အကြောင်း မေးမလို့လုပ်တုန်း ဆိုင်ရှင်က အလုပ်မအားတော့တာနဲ့ လှည့်ပြန်လာရတယ်။ လမ်းဖြတ်မကူးခင် ကားလမ်းဟိုဘက် ဒီဘက် ရဲဆိုင်ကယ် လာနေသလားလို့ ကြည့်ပြီးမှ ကိုယ့်အိမ်ရှိရာကို သုတ်ခြေ တင်ရ။

ညနေစောင်းမှာ မဲဆောက်ရောက်နေတာ သုံး၊လေးလကြာပြီဖြစ်တဲ့ မိတ်ဆွေ၂ယောက်ရောက်လာတယ်။ တစ်ယောက်က ၂၀၀၇ခုနှစ်ဝန်းကျင်ကတည်းက သတင်းထောက် ဘော်ဒါ၊ နောက်တစ်ယောက်က ကဗျာဆရာ၊ ဂျာနယ်လစ် သူငယ်ချင်း။ အခုမှရောက်တဲ့ ကျနော့်ကို ဘီယာလာတိုက်ရင်းနဲ့ မဲဆောက်ရေးရာ ပို့ချ ခြင်း အစီအစဉ်။

အဲဒီခါကျမှ သိပ်သိချင်နေတဲ့ ရဲကတ်အကြောင်းမေးရတော့တယ်။ ရဲကတ်ဆိုတာက တရားမဝင် မြန်မာတွေ ရဲတွေကို လိုင်းကြေးပေးရတဲ့ငွေ။ အဲဒီအချိန်က တစ်ယောက်ကို ဘတ်၃၅၀နဲ့ ဓာတ်ပုံ၂ပုံ။ ရဲကတ်လုပ်ပေးတဲ့ ပွဲစားဆီမှာ တစ်လတစ်ခါ လုပ်။ အဲဒီအတွက် ဘာပြန်ပေးသလဲဆိုတော့ တံဆိပ်ခေါင်းအရွယ်လောက် အမှတ်အသားတစ်ခုခု ပြန်ပေးလိုက်တယ်တဲ့။အဲဒီအမှတ်အသားကို ဘယ်သွားသွားဆောင်။ရဲက စစ်တယ် ဟေ့ဆို အဲဒီအမှတ်အသားလေးပြလိုက်။

“အဲဒီအမှတ်အသားပြရင် တကယ်မဖမ်းဘူးလား”

“အဲဒါတော့ ကျနော်တို့လည်း အဖမ်းမခံဘူးတော့မသိဘူး။ တချို့တွေကလည်း မဖမ်းဘူးလို့ ပြောတယ်။ တချို့ကတော့ ရဲကတ်လုပ်ထားလည်း ကြံဖန်အပြစ်ရှာ ငွေတောင်းတယ်လို့ပြောတာပဲ။ ဒါပေမဲ့၊ ည ၈နာရီနောက်ပိုင်းဆိုရင်တော့ ရဲကတ်ပြလည်း ဖမ်းတာပဲ။ ပြီးတော့ အရက်နံ့ရရင် ဖမ်းတယ်၊ ငွေတောင်းတယ်”

“ဒါဆို ရဲကတ်လုပ်ထားလည်း သိပ်မသေချာဘူးဆိုတဲ့ သဘောမျိုးလား”

“သိပ်မသေချာဘူးလို့ထင်ရပေမဲ့ ရဲကတ်ကတော့ လုပ်ကို လုပ်ထားသင့်တယ်။ ဘာလို့လဲဆိုတော့ နံ ပါတ်တစ်က စိတ်လုံခြုံမှု။ ငါမှာ ဒါလေးတစ်ခုတော့ ရှိသားပဲဆိုတဲ့ စိတ်လုံခြုံမှုပေါ့။ ပြီးတော့ ရဲကတ်လုပ်ထားတဲ့သူတွေကို ရဲက စစ်ပြီး ငွေတောင်းလည်း နည်းနည်းပဲ။ ရဲကတ် မလုပ်ထားရင်တော့ ၅၀၀၀၊ ၁၀၀၀၀ ပြေး မလွတ်ဘူး”လို့ မိတ်ဆွေ ဂျာနယ်လစ်က ဆိုတယ်။

ဒါနဲ့ မိတ်ဆွေတွေရဲ့ လမ်းညွှန်ချက်အတိုင်း လမကုန်မချင်း အိမ်ထဲမှာ ကုပ်ကုပ်လေးနေ။လကုန်ပြီးတော့ လမ်းကြောင်းတစ်ခုကနေ ရဲကတ်လုပ်။ ရဲကတ်ရှိပေမဲ့ ရဲ အစစ်မခံရတာအကောင်းဆုံးပဲဆိုတဲ့ အသိနဲ့ ဟိုဟိုဒီဒီ လျှောက်မသွား။

ဒါပေမဲ့၊ မဲဆောက်ရောက်ပြီး ၁၅ရက်လောက်အကြာ၊ တစ်ရက်သောညနေမှာ ကိုယ်နဲ့ခပ်လှမ်းလှမ်းက မြန်မာတွေ ရဲနဲ့တည့်တည့်တိုးပြီး အစစ်ခံရ။ ကြောက်အားလန့်အား အော်ဟစ်အပြေး ရဲဆိုင်ကယ်ကိုပါ သွားတိုက်မိပြီး လဲကျ။ နောက်တစ်ရက်မနက် ထမင်းဆိုင်ရှင်ပြောပြလို့ သိရတာက တစ်ယောက်ကိုဘတ်၅၀၀၀နဲ့ ၄ ယောက် ဘတ်၂သောင်းပေးလိုက်ရတယ်တဲ့။

“သူတို့က ဒီမှာအလုပ်လာလုပ်တာ ရောက်တာ ၂လလောက်ပဲ ရှိသေးတယ်။ ရဲကတ်လည်းလုပ်ထား တယ်။ ရဲစစ်တာ အတွေ့အကြုံမရှိတော့ ကြောက်ပြီး လုပ်မိလုပ်ရာလုပ်တာ။ ရဲဆိုင်ကယ်လဲကျတာ ဘာမှမဖြစ်ပေမဲ့ ဆိုင်ကယ်ပွန်းသွားတာရော ထွက်ပြေးတာရောကြောင့် ဆိုပြီး တစ်ယောက် ၅၀၀၀ ပေးလိုက်ရတာ”တဲ့။

မဲဆောက်ရောက်မြန်မာတွေရဲ့ဘဝက ရဲလက်ခုပ်ထဲက ရေ။

မဲဆောက်ရောက်ပြီး၂လကျော်ကြာတော့ မြန်မာ မများ၊ အိမ်ခြေမစိပ်တဲ့ ရပ်ကွက်တစ်ခုကို ထပ်ပြောင်း ရပြန်တယ်။ ကိုယ်တွေက ဂရန့်ရထားတဲ့ မီဒီယာသူဌေးလင်မယားရဲ့အလိုကျ ထားရာနေ ကျွေးတာစား၊ မသထာရေစာ လခလည်း နည်းနည်းသာရပေမဲ့ မဲဆောက်မှာ အလုပ်မရှိလို့ ခေါင်းငိုက်စိုက်ချ ရှိတာလေးထိုင်သုံး နေရရှာတဲ့ များစွာသော ပြည်ပြေးမြန်မာတွေထက်စာရင် တော်သေးတာပေါ့လို့ ဖြေသိမ့်ရ။

နောက်တစ်နေရာရောက်တော့လည်း ရဲနဲ့တွေ့ရင် ဘာဖြစ်မယ်ဆိုတာ မသေချာတော့ ကိုယ့်နားဝန်း ကျင်ကလွဲ ဘယ်မှမသွားဘဲ နေလိုက်တယ်။ဘတ်၅၀၀၀ ဆိုရင်လည်း ကိုယ့်တစ်လစာနားနီးနေပြီမို့ ရဲကတ် လုပ်ထားပေမဲ့ ရဲဆိုရင် ကြောက်ရ။ အလွန်ဆုံး ၁၅မိနစ်လောက် စက်ဘီးနင်းရင် မဲဆောက်ဈေးထဲကို ရောက်ပေမဲ့ မသွားရဲ၊ မလာရဲ မဲဆောက်ဈေးဆိုတာ ကျနော်တို့နဲ့ သိပ်ဝေးလွန်းလှ။

မဲဆောက်မှာ မီးနဲ့ရေ ၂၄နာရီ အဆင်သင့်။မဲဆောက်မှာ လယ်ကွင်းတွေ၊ တောင်တန်းတွေ လေ ကောင်းလေသန့်တွေနဲ့ နေချင်စရာကောင်းပေမဲ့ ရဲမြင်တော့ မလုံမလဲ အသက်ရှူကျပ်လှ။မဲဆောက်ပြည်ပြေး ဘဝ ဘယ်အချိန်မဆို မပျော်တာ ကျနော်တို့ဘဝ။ ကိုယ့်ဘဝကိုယ် လွတ်ကျမသွားအောင် အံတင်းတင်းကြိတ် ထားရ၊ လက်သီးကို ကျစ်ကျစ်ပါ ဆုပ်ထားရ။

လကုန်ပြီဆိုတာနဲ့ ရဲကတ်လုပ်ဖို့ အလိုလိုသတိရနေတာ ကျနော်တို့ ပြည်ပြေးဘဝ။

ထွန်းလင်း

The Tanintharyi Times