တနင်္သာရီမြို့နယ်မှာ သုံးရက်ဆက်တိုက်ရေကြီးရေလျှံနေလို့ နေအိမ်တချို့ ပြောင်းရွှေ့

တနင်္သာရီမြို့နယ်မှာ သုံးရက်ဆက်တိုက်ရေကြီးရေလျှံနေလို့ နေအိမ်တချို့ ပြောင်းရွှေ့

ဓာတ်ပုံ - တနင်္သာရီမြို့နယ်မှာ ရေကြီးရေလျှံနေမှု မြင်ကွင်း။ (ဓာတ်ပုံ - CJ)

တနင်္သာရီမြို့နယ်မှာ သုံးရက်ဆက်တိုက်ရေကြီးရေလျှံတာတွေ ဖြစ်နေတဲ့အတွက် နေအိမ်တချို့ပြောင်းရွှေ့နေရတာတွေ ရှိနေတယ်လို့ ဒေသခံတွေက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။

ရေလျှံနေတဲ့ နေရာတွေက တနင်္သာရီမြို့ပေါ်က ချောင်းငယ်ရပ်ကွက်က မြသီတာလမ်း၊ ပဝကျေးရွာအုပ်စုထဲက ပဝရွာမ၊ ၊ ပဝထဲရွာ၊ ချောင်းကောက်ရွာ၊ သက်ကယ်‌ကျော်၊ ‌ညောင်ပင်ကွင်းအုပ်စုက ပျို့အိုင်၊ ‌မြေမအုံ၊ မြန်မာအင်းတော်၊ ကျောက်မီးကျောင်း၊ ကြိမ်ချောင်းဝ၊ တကူကျေးရွာအုပ်စုထဲက ရွာတချို့လို့ သိရပါတယ်။

အခုရက်ပိုင်းမှာ မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် မြစ်ရေတက်လာပြီး ရေကြီးရေလျှံတာတွေ ဖြစ်လာတာလို့ ဒေသခံတွေက ပြောပါတယ်။

“မိုးကအမြဲရွာနေတယ်။ ရွာလိုက် နားလိုက်နဲ့တနေ့လုံးပဲ။ အယူတခုနေနဲ့ဆို ဒုတိယဝါဆိုလပြည့်ကျော် ဝါထပ်နှစ်ဆိုရေကြီးတာလို့ လူကြီးတွေပြောနေတာရှိတော့ ရေကလွယ်လွယ်နဲ့ကျမှာမဟုတ်ဘူး” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

မိုးကြီးရေလျှံဖြစ်နေတာကြောင့် တိုက်ပွဲတွေကြားကနေ စိုက်ထားရတဲ့လယ်တွေ ပျက်စီးဆုံးရှုံးသွားမှာကိုလည်း စိုးရိမ်နေကြရတယ်လို့ အဆိုပါဒေသခံက ဆက်ပြောပါတယ်။

ဒါ့အပြင် လမ်း၊ ကျေးရွာချင်းဆက်တံတား ရေလွှမ်းတာတွေ ရှိနေတာကြောင့်လည်း လုပ်ငန်းခွင်သွားရတဲ့ နေ့စားအလုပ်သမားတွေအနေနဲ့ အလုပ်သွားလို့မရတာကြောင့် နေ့စဥ်ဝင်ငွေကိုပါ ထိခိုက်တာတွေရှိနေပါတယ်။

အိမ်ထဲ ရေကျော်ဝင်တက်လာတာကြောင့် နေအိမ်ပြောင်းရွှေ့ရတာတွေလည်းရှိနေပြီး တချို့အိမ်ထောင်စုတွေက တောင်ပေါ်ကဥယျာဥ်ခြံတွေမှာတက်နေကြသလို တချို့ကလည်း တောင်ပေါ်ဘုန်းကြီးကျောင်းတွေမှာ ပြောင်းရွှေ့နေထိုင်နေကြတယ်လို့ သိရပါတယ်။

နေအိမ်ပြောင်းရွှေ့နေရတာနဲ့ပတ်သက်ပြီး ဒေသခံတစ်ဦးက “ လှေရှိတဲ့အိမ်တွေက အဆင်ပြေတယ်။ လှေမရှိတဲ့အိမ်တွေက ဆင်ပြေတဲ့လှေနဲ သူ့ကိုကူညီတောင်း ၊ ငါ့ကိုကူညီတောင်းပြီး ကူးနေရတယ်။ တချို့ကလည်း ဝါးခုတ်ပြီး ဖောင်လုပ်ကူးပြောင်းနေကြတယ်။” လို့ ပြောပြပါတယ်။

တနင်္သာရီမြို့နယ်ဟာမိုးရာသီမှာ နှစ်စဥ်နီးပါးရေကြီးရေလျှံ‌လေ့ရှိတဲ့မြို့နယ်တစ်ခုဖြစ်ပါတယ်။

တနင်္သာရီမြို့နယ်မှာ ရေကြီးရေလျှံဖြစ်ပြီး ရေကျတဲ့အချိန်တိုင်း ဘုရားစင်၊ အိမ်ခေါင်မိုး၊ အဝတ်ဗီဒိုနဲ့ အထုပ်တွေထဲမှာ မြွေတွေအများအပြားတွေ့ရလေ့ရှိတတ်တယ်လို့ စစ်အာဏာမသိမ်းခင်က ရေဘေးကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပါဝင်ခဲ့တဲ့ ဒေသခံအမျိုးသားတစ်ဦးကသတိပေးပါတယ်။

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းနေပြီး ဒီကနေ့ညနေအထိ တနင်္သာရီတိုင်းမှာ နေရာကွက်ပြီးမိုးကြီးမယ်လို့လည်း စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။ နောက်နှစ်ရက်အထိခန့်မှန်းချက်အရလည်း မုတ်သုံလေအားကောင်းနေမယ်လို့ ဆိုထားပါတယ်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တလျှောက်မှာ လှိုင်းအမြင့် ၉ ပေကနေ ၁၂ ပေအထိရှိပြီး ရံဖန်ရံခါ မိုးသက်လေပြင်းတွေကျရောက်ကာ လှိုင်းကြီးမယ်လို့လည်း အသိပေးထားပါတယ်။ မိုးသက်လေပြင်းကျချိန် ရေပြင်၊ မြေပြင်လေဟာ တစ်နာရီကို မိုင်(၄၀)အထိ တိုက်ခတ်မယ်လို့လည်း ပြောထားပါတယ်။

The Tanintharyi Times