ထားဝယ်ထောင်ကနေ ခေါ်ထုတ်သွားတဲ့ နိုင်ကျဥ်းနှစ်ဦးစလုံး အသတ်ခံရပြီး အလောင်းပြန်မရ
ထားဝယ်ထောင်ကနေ ခေါ်ထုတ်သွားတဲ့ နိုင်ကျဥ်းနှစ်ဦးစလုံး အသတ်ခံရပြီး အလောင်းပြန်မရ
ထားဝယ်အကျဥ်းထောင်ကနေ လူမသိသူမသိခေါ်ထုတ်သွားခံရတဲ့ နိုင်ငံရေးအကျဥ်းသားနှစ်ဦးလုံးစစ်ကောင်စီတပ်သားတွေက သတ်ဖြတ်ပြီးအလောင်းဖျောက်ခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
နိုင်ငံရေးအကျဥ်းသား ကိုမင်းသူ(ခေါ်)မော်လဝီရှက်မင်းနဲ့ ကိုဝင်းသီဟတို့ကို ပြီးခဲ့တဲ့လ ၁၇ ရက်နေ့ညပိုင်းမှာ စစ်ကောင်စီတပ်သားတွေက ခေါင်းစွပ်ပြီး ထောင်ပြင်ပကိုခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။
အဲဒီနောက် တစ်ပတ်ခန့်အကြာမိသားစုဝင်တွေက စုံစမ်းချိန်မှာတော့ သေဆုံးသွားပြီဖြစ်ကြောင်း အကျဥ်းထောင်ဘက်ကပြောဆိုခဲ့တာပါ။
“ဆုံးသွားတာကတော့သေချာသွားပါပြီ။ ဘယ်နေ့ကဆုံးတယ်၊ အလောင်းကဘယ်မှာလဲ၊ ဘယ်မှာသင်္ဂြိုဟ်လိုက်လဲဆိုတာတွေကျမတို့ဘာမှမသိရဘူး” လို့ ကိုမင်းသူရဲ့မိသားစုဝင်တစ်ဦးကပြောပါတယ်။
အသက် ၂၅ နှစ်အရွယ် ကိုမင်းသူဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မနဲ့ ထောင်ဒဏ် ၁၀ နှစ်အမိန့်ချမှတ်ခံထားရသူဖြစ်ပြီး နောက်ထပ် တရားရင်ဆိုင်နေဆဲပုဒ်မသုံးခုကျန်ရှိသေးတယ်လို့ မိသားစုဝင်တွေဆီကသိရပါတယ်။
အစ္စလာမ်ဘာသာရေးဆရာတစ်ဦးဖြစ်တဲ့ ကိုမင်းသူဟာ ကျန်းမာရေးမကောင်းသူတစ်ယောက်လည်းဖြစ်တယ်လို့ မိသားစုဝင်တွေကဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကလည်း ထောင်တွင်းမှာနေမကောင်းဖြစ်ပြီးသတိလစ်လို့ ပြင်ပဆေးရုံကိုပို့ဆောင်ခဲ့ရဖူးတဲ့ကြောင်းကို တနင်္သာရီတိုင်းမ်က သတင်းဖော်ပြခဲ့ဖူးပါတယ်။
နောက်ထပ်နိုင်ငံရေးအကျဥ်းသားတစ်ဦးဖြစ်တဲ့ ကိုဝင်းသီဟသေဆုံးသွားတာကိုတော့ ပြီးခဲ့တဲ့လ ၂၃ ရက်နေ့မှာ မိသားစုဝင်တွေက ထောင်မှာသွားရောက်မေးမြန်းချိန် အကျဥ်းထောင်အာဏာပိုင်တွေဘက်က အတည်ပြုပြောဆိုလိုက်တာပါ။
“အစကတော့ စစ်ဆေးစရာရှိလို့ခေါ်သွားတယ် စိတ်မပူနဲ့လို့ပြောတယ်လေ။ နောက်နှစ်ရက်လောက်ကြာတော့ မရှိတော့ဘူးတဲ့။ စစ်ဆေးနေတဲ့အချိန်ထွက်ပြေးလို့ ပစ်သတ်လိုက်ပြီတဲ့” လို့ ကိုဝင်းသီဟရဲ့ မိသားစုဝင်တစ်ဦးကပြောပါတယ်။
အသက် ၃၀ ဝန်းကျင်အရွယ် ကိုဝင်းသီဟဟာ အကြမ်းဖက်ပုဒ်မနဲ့ ထောင်ဒဏ် ၇ နှစ်အမိန့်ချခံထားရသူဖြစ်ပါတယ်။
ကိုဝင်းသီဟအတွက် ဆွမ်းသွပ်တာကိုလုပ်ဆောင်ပြီးသွားပြီလို့လည်း မိသားစုဝင်ရဲ့ပြောပြချက်အရသိရပါတယ်။
သေဆုံးသူနှစ်ဦးရဲ့ အလောင်းတွေကိုတော့ နှစ်ပတ်ခန့်ကြာတဲ့အထိ မိသားစုကိုပြန်ပေးတာမျိုးမရှိသေးပါဘူး။ ထောင်အာဏာပိုင်တွေကတော့ အလောင်းတွေကို ကောင်းကောင်းမွန်မွန်သင်္ဂြိုဟ်လိုက်ပြီဖြစ်ကြောင်း အသိပေးလိုက်တယ်လို့ ကိုဝင်းသီဟရဲ့မိသားစုဝင်တွေကဆိုပါတယ်။
ကိုမင်းသူနဲ့ ကိုဝင်းသီဟတို့ကို ထောင်ထဲမှာဖုန်းသုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေကိုဆက်သွယ်တယ်လို့ စွပ်စွဲပြီး ပြင်ပကိုခေါ်ထုတ်သွားတာဖြစ်တယ်လို့ ထောင်နဲ့နီးစပ်သူတွေကပြောပါတယ်။
နောက်ထပ်နိုင်ငံရေးအကျဥ်းသား ဆယ်ဦးကျော်လောက်ကိုလည်း ဖုန်းစစ်ဆေးတွေ့ရှိတယ်လို့ဆိုပြီး တိုက်ပိတ်ပြစ်ဒဏ်အပြင် ထောင်ဒဏ်ခြောက်လစီထပ်တိုး အမိန့်ချခံထားရပါတယ်လို့ ထောင်နဲ့နီးစပ်သူကဆိုပါတယ်။
ထားဝယ်ထောင်မှာ နိုင်ငံရေးအကျဥ်းသားတွေကို ပြင်ပခေါ်ယူစစ်ဆေးတာနဲ့ ရိုက်နှက်နှိပ်စက်တာတွေရှိပေမဲ့ အခုလိုသတ်ဖြတ်ပြီး အလောင်းဖျောက်တဲ့ဖြစ်စဥ်ကတော့ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်ကစလို့ စစ်ကောင်စီတပ်သားတွေကဝင်ရောက်စီမံတာတွေလုပ်ဆောင်ခဲ့ပြီးနောက် အကျဥ်းသားတွေကို ပိုမိုတင်းကြပ်တာ၊ အကျဥ်းသားတွေကို ကိုယ်ထိလက်ရောက်ရိုက်နှက်စစ်ဆေးတာတွေလုပ်ဆောင်လာတာဖြစ်ပါတယ်။
ထားဝယ်အကျဥ်းထောင်မှာ အကျဥ်းသားစုစုပေါင်း တစ်ထောင့်နှစ်ရာကျော်ရှိအဲဒီထဲက ၄၀၀ ဝန်းကျင်ဟာနိုင်ငံရေးအကျဥ်းသား၊ အကျဥ်းသူတွေဖြစ်ပါတယ်။
The Tanintharyi Times
