မျှော်လင့်ချက်ခါကာဘိုရာဇီ
မျှော်လင့်ချက်ခါကာဘိုရာဇီ
ကမ္ဘာ့အခက်ခဲဆုံးတောင်ထိပ်ကိုရောက်ဖို့နောက်တစ်ကြိမ်ထပ်ကြိုးစားမယ့်သူ
(အက်ဆေး၊ခေတ်ပြိုင်ဘဝများ)
မာက်ဂျန်ကင်းစ်ဟာ အမေရိကန်က ကမ္ဘာကျော်တောင်တက်သမားလူစွန့်စားတစ်ဦးဖြစ်ပါတယ်။ စာရေးဆရာနဲ့ သတင်းစာဆရာတစ်ဦးလည်းဖြစ်ပါတယ်။ ၂၀၁၂နွေဦးရာသီမှာ ဧဝရက်တောင်ထိပ်ကို တက်ပြီးပြန်ဆင်းအလာမှာ မာက်နဲ့သူ့အဖွဲ့တို့စိတ်ကူးတစ်ခုစဉ်းစားကြပါတယ်။ သူတို့တွေအတွက် နောက်ဆုံးနဲ့စိန်ခေါ်မှုအရှိဆုံးနေရာတစ်ခုကိုကြိုးစားတက်ကြည့်ကြဖို့ပါပဲ။
“တကယ်ဝေးလံသီခေါင်ပြီးလူသိနည်းတဲ့နေရာတစ်ခုကိုကြိုးစားရအောင်” လို့သူတိုရဲ့အမျိုးသမီး အဖွဲ့ဝင် ဟီလာရီကအဆိုတင်သွင်းခဲ့တယ်။ ပါကစ္စတန်၊ ပါပူဝါနယူးဂီနီ၊ ကာဇက်စတန် စတဲ့နာမည်တွေစားပွဲပေါ်ကိုပစ်တင်ကြတယ်။ မာက်ကတော့သူ့ရင်ထဲမှာရှေးရှေးကတည်းရှိပြီးသား အမည်တစ်ခုကိုတော်တော်နဲ့ပြောမထွက်ခဲ့ပါ။ နောက်ဆုံးတော့ပြောချလိုက်ပါတယ်။
“ခါကာဘိုရာဇီဆိုရင်ဘယ်လိုနေမလဲ”
ဟိမဝန္တာရဲ့တောင်စွယ်ဖြစ်ပြီးတိဘက်နဲ့နယ်ချင်းဆက်နေတဲ့ခါကာဘိုရာဇီကို ဗြိတိသျှတွေက ၁၉၂၅ ခုနှစ်မှာ အမြင့်ပေ ၁၉,၂၉၆ လို့ တိုင်းတာခဲ့ပါတယ်။ အခုထိနိုင်ငံတကာတောင်တက်သမားတွေ သိပ်မကြားဖူးသေးတဲ့တောင်တစ်ခုပါ။ ခါကာဘိုရာဇီကို တိဘက်ဘာသာနဲ့ “နှင်းဖြူတောင်” (Snow White Mountain) လို့အဓိပ္ပါယ်ရပြီး၊ရဝမ်ဘာသာနဲ့တော့ “အသံပြုတဲ့တောင်” (Sound Making Mountain)လို့ခေါ်ကြပါတယ်။
မာက်ဂျန်ကင်းစ်ဟာ ၁၉၈၀ ခုနှစ်တွေမှာ ဗြိတိသျှလူစွန့်စားဖရန့်စစ်ကင်ဒန်ဝပ်ဒ်ရဲ့ “မြန်မာနိုင်ငံရဲ့ ရေခဲတောင်များ” (Burma’s Icy Mountains) ဆိုတဲ့စာအုပ်မှာ စဖတ်ဖူးခဲ့ပါတယ်။ ဒီလိုနဲ့မာက်အတွက် ခါကာဘိုရာဇီဟာမျှော်လင့်ချက်တစ်ခုဖြစ်ခဲ့တာပါ။
၁၉၉၃ မှာ မာက်ဟာသူ့ရဲ့အရင်းနှီးဆုံးရဲဘော်တွေဖြစ်တဲ့ မိုက်မိုး၊ ကိတ်စပန်ဆာ၊ စတိဗ်ဘာဘစ်တို့နဲ့ ခါကာဘိုရာဇီကိုတက်ဖို့ စိုင်းပြင်းခဲ့ကြတယ်။ မိုက်မိုးကသူ့ရဲ့အထက်တန်းကျောင်းသားဘဝကတည်းက သူငယ်ချင်းဖြစ်ပြီး၊ ကိတ်နဲ့စတိဗ်တို့ကတော့ ဝိုင်အိုမင်းတက္ကသိုလ်မှာဆုံတွေခဲ့ကြသူတွေပါ။
အဲဒီအချိန်မှာ မြန်မာစစ်အစိုးရဟာ မြန်မာပြည်မြောက်ပိုင်းကိုနိုင်ငံခြားသားတွေလာခွင့်ကို ပိတ်ပင်ထားခဲ့လို့ သူတို့အဖွဲ့ တိဘက်ကနေနယ်စပ်ကိုတရားမဝင်ကျော်ဖြတ်ပြီး တက်ရောက်ဖို့ကြိုးစားခဲ့ကြပါတယ်။ နောက်ဆုံးတော့တရုတ်စစ်တပ်ကသူတို့ကိုဖမ်းပြီးပြန်ပို့လိုက်ပါတယ်။
နောက်နှစ်နှစ်အကြာမှာ မြန်မာအစိုးရက ဂျပန်တောင်တက်သမား တာကာရှီအိုဇာကီကို တက်ခွင့်ပြုခဲ့ပါတယ်။ တာကာရှီဟာ ခါကာဘိုရာဇီကို ၁၉၉၅ ခုနှစ်မှာ နှစ်ကြိမ်ကြိုးစားခဲ့ပေမယ့် မအောင်မြင်ဘဲ ၁၉၉၆ မှာတော့တိဘက်နွယ်ဖွား တောင်တက်သမား နမားဂျက်ဆင်နဲ့အတူတောင်ထိပ်ကို အောင်အောင်မြင်မြင် ရောက်ခဲ့ပါတယ်။ ဒါပေမယ့်တောင်ထိပ်ရဲ့အမြင့်ကို GPSနဲ့မတိုင်းတာခဲ့ရပါဘူး။
တာကာရှီက Asia Times သတင်းဌာနကိုပြန်ပြောရာမှာ “ခါကာဘိုရာဇီဟာ ကမ္ဘာပေါ်မှာအခက်ခဲဆုံးနဲ့ အန္တရာယ်အရှိဆုံးတောင်တစ်လုံးပါ။ ဒီတစ်ကြိမ်လို တစ်ခါမှကျွန်တော်မကြောက်ဖူးဘူး”လို့ ပြန်ပြောပါတယ်။ ၂၀၁၁ ခုနှစ်မှာ တာကာရှီအိုဇာကီဟာ ဧဝရက်ကို နောက်တစ်ကြိမ်တက်ရင်း အသက်ပေးသွားခဲ့ ရပါတယ်။
မာက်ရဲ့ရည်ရွယ်ချက်ကဘယ်သူမှ GPS နဲ့မတိုင်းတာရသေးတဲ့ မြန်မာရဲ့ခါကာဘိုရာဇီကို တောင်ထိပ်ရောက်ပြီး တိုင်းတာဖို့ပါပဲ။ ဂမ်လန်ရာဇီတောင်ဟာ ခါကာဘိုရာဇီထက်ပိုမြင့်နိုင်တယ်လို့ အယူအဆက တချို့မှာရှိပါတယ်။ မြန်မာနိုင်ငံမှာဒီအယူအဆကိုလူတော်တော်များများကလက်မခံလိုကြပါဘူး။
ကံဆိုးစွာနဲ့ပဲ မာက်ရဲ့အချစ်ဆုံးသူငယ်ချင်းတစ်ဦးဖြစ်တဲ့မိုက်မိုးနဲ့အဖွဲ့ဟာ အာတိတ်သမုဒ္ဒရာထဲမှာ လှေမှောက်ပြီးသေဆုံးခဲ့ကြရပါတယ်။ဝေလငါးတစ်ကောင်က သူတို့လှေကိုမှောက်ပစ်ခဲ့တာပါ။ နောက်သူငယ်ချင်းတစ်ဦးဖြစ်တဲ့ ကိတ်ကတော့ ၂၀၀၉ခုနှစ်မှာ မာက်နဲ့အတူဝိုင်အိုမင်းမှာ တောင်တက်ရင်း ရေခဲတုံးသူ့အပေါ်ပြိုကျပြီးသေဆုံးခဲ့ရပြန်ပါတယ်။ သူ့အပေါ် ၁၅ ပေ အထက်မှာ ရှိနေခဲ့တဲ့ မာက်ဟာကံကောင်းစွာနဲ့အသက်ရှင်ခဲ့ပါတယ်။
ဒီဖြစ်ရပ်တွေကမာက်ဂျန်ကင်းစ်အတွက်တစ်သက်လုံးသတိရနေတော့မယ့်စိတ်အမာရွတ်တွေပါ။ ၂၀၁၄ခုနှစ်မှာတော့မာက်ဂျန်ကင်းစ်နဲ့သူ့အဖွဲ့ဟာ ခါကာဘိုရာဇီကိုနောက်တစ်ကြိမ်တက်တော့မှာပါ။ သူတို့အမေရိကားကခရီးမစတင်ခင် ၃ပတ်အလိုကတည်းကမြန်မာတောင်တက်သမားနှစ်ယောက် ခါကာဘိုရာဇီမှာပျောက်ဆုံးသွားတဲ့ သတင်းက အေပီသတင်းဌာနမှာပါလာပါပြီ။ မြန်မာအဖွဲ့ဟာ ခါကာဘိုရာဇီက ဂမ်လန်ရာဇီထက်ပိုမြင့်တယ်လို့သက်သေပြချင်ကြတယ်လို့သိရပါတယ်။
ခါကာဘိုရာဇီတောင်ခြေကိုရောက်ဖို့အတွက်စုစုပေါင်းတစ်လကြာမြင့်ပါတယ်။ ပူတာအိုကနေ တောင်ခြေအထိ ၁၅၁ မိုင်ကို တောနက်ထဲမှာဖြတ်သန်းရတာပါ။ အသက်၁၂နှစ်အရွယ် ရဝမ်ကလေးသုံးယောက်နဲ့ သူတို့အကိုတွေ၊ မိဘတွေကိုအထမ်းသမားတွေအဖြစ်ငှားရမ်းခဲ့ကြရပါတယ်။ အသက်မပြည့်သေးသူတွေကို မလွှဲမရှောင်သာငှါးရမ်းရတာနဲ့ပတ်သက်ပြီးရှက်မိတယ်လို့ National Geographic Magazine မှာမာက်ဂျန်ကင်းစ်ကပြန်ရေးပါတယ်။
သူတို့အဖွဲ့မှာမာက်ဂျန်ကင်းစ်၊ ဓါတ်ပုံသမား ကိုရီရစ်ချဒ်စ်၊ ဗီဒီယိုသမား ရီနန်အော့ဇတက်၊ တောင်တက်သမားအင်မလီဟာရင်တန်နဲ့ အဖွဲ့ခေါင်းဆောင် ဟီလာရီအိုနီးလ်တို့ပါဝင်ကြပါတယ်။ ကျား၃ယောက်၊ မ၂ယောက်ပါ။
တောထဲမှာအဆိပ်ပြင်းတဲ့မြွေတွေ၊ ပင့်ကူတွေ၊ မျှော့တွေနဲ့သားရိုင်းတရိစ္ဆာန်များစွာကိုရင်ဆိုင်ပြီးတောင်ခြေကိုစရောက်တဲ့အချိန်မှာ သူတိုသယ်လာတဲ့ပစ္စည်းတော်တော်များများကိုလမ်းမှာမသယ်နိုင်လို့ထားခဲ့ရပါပြီ။
ခါကာဘိုရာဇီဟာ တခြားဘယ်တောင်နဲ့မှာမတူအောင်ခက်ခဲတယ်လို့မာက်ကသူ့ဆောင်းပါးမှာပြန်ရေးခဲ့ပါတယ်။ အပေါ်တက်ဖို့လမ်းကြောင်းကိုရှာဖွေရတာဟာအင်မတန်ခက်ခဲပြီး ဂြိုလ်တုကရိုက်ထားတဲ့ ပုံရိပ်တွေတောင် အကူအညီမဖြစ်ဘူးလို့ဆိုပါတယ်။ တောင်စောင်းတွေကလည်းဘလိတ်ဓါးရဲ့အသွားလို စူးရှထက်မြက်နေပါတယ်။
တခြားတောင်တွေနဲ့မတူတဲ့နောက်တချက်ကတက်နေတုန်းမှာတောင်ထိပ်ကိုလှမ်းမမြင်ရတဲ့စိန်ခေါ်မှုပါ။ စခန်း(၃)ကိုအရောက်မှာတော့ စကားအချေအတင်ကစတင်ခဲ့ပါပြီ။ ၅ယောက်လုံးတောင်ထိပ်ကို ရောက်ဖို့ဆိုတာမဖြစ်နိုင်တော့ပါဘူး။ အင်မလီကလက်ခံပေမယ့် အဖွဲ့ခေါင်းဆောင်ဟီလာရီက အကြောက်အကန်ငြင်းဆိုပါတယ်။ နောက်ဆုံးတော့ စခန်း (၃)မှာအင်မလီနဲ့ဟီလာရီကိုထားခဲ့ပြီး မာက်၊ ကိုရီနဲ့ရီနန်တို့ဆက်တက်ခဲ့ကြပါတယ်။ အဝေးမှာတောင်ထိပ်ကိုမြင်နေရပါပြီ။ လေကတော့ သူတို့ ခန္ဓာကိုယ်ကိုခွေးအတွေကိုက်ဆွဲသလိုနာကျင်စေတယ်လို့မာက်ကပြန်ပြောပါတယ်။
သူတို့ဟာတစ်ယောက်နဲ့တစ်ယောက်ကြိုးတွေနဲ့ချိတ်ဆက်ထားကြပါတယ်။ ကြိုးတွေကိုတောင်နဲ့ချိတ်ဆက်ဖို့ ချိတ်တွေမရှိတော့ပါဘူး။ ဒီနည်းလမ်းကတစ်ယောက်နဲ့တစ်ယောက်အသက်ချင်းထပ်ပြီး လောင်းထားကြတာပါ။တစ်ယောက်ချော်ကျရင်နောက်နှစ်ယောက်လည်းကျသွားနိုင်ပါတယ်။ တစ်ဦးချင်းစီရဲ့ဆုံးဖြတ်နိုင်စွမ်းနဲ့အရည်အချင်းကိုနောက်နှစ်ယောက်ကယုံကြည်ပေးရတာပါပဲ။
နောက်ဆုံးတော့ တောင်ထိပ်နားကိုချဉ်းကပ်လာနေပါပြီ။ နောက်ထပ်တစ်ညဆိုရင် တောင်ထိပ်ကို ရောက်တော့မှာပါ။ ဒါပေမယ့်အဲဒီအချိန်မှာ အစားအစာ၊ ရေနဲ့မီးဖိုတွေရှိတော့မှာမဟုတ်ပါဘူး။ သူတိုတောင်ထိပ်ရောက်အောင်သွားနိုင်မှာပါ။ ဒါပေမယ့်အိမ်ကိုတော့ပြန်နိုင်မှာမဟုတ်တော့ပါဘူး။ ပြန်လမ်းမရှိတဲ့နေရာကိုရောက်နေကြပါပြီ။
“ကျွန်တော်ကြောက်တယ်”လို့ကိုရီကစပြောပါတယ်။ ကျွန်တော်တကယ်ကိုပဲကြောက်တယ်။ ပြန်လှည့်သင့်ပြီလို့ကျွန်တော်ထင်တယ်”လို့သူကပြောပါတယ်။ ကျန်တဲ့နှစ်ယောက်ကလည်း သဘောတူလိုက်ကြပါတယ်။
မာက်ကသေဆုံးသွားပြီဖြစ်တဲ့မိုက်ကယ်မိုးနဲ့ကိတ်စပန်ဆာတို့ရဲ့ဓါတ်ပုံတွေကိုအိတ်ထဲကနေထုတ်လိုက်ပါတယ်။ သူငယ်ချင်းတွေရဲ့ပုံတွေကို ခါကာဘိုရာဇီတောင်ထိပ်မှာမြှုပ်နှံဖို့ယူလာတာပါပဲ။ ပြီးတော့ ကျင်းတစ်ကျင်းတူးပြီးတော့မြှုပ်နှံလိုက်ပါတယ်။ ဒီလောက်နဲ့ပဲကြေနပ်ပါတော့သူငယ်ချင်းတို့ရေ။
ပြန်မဆင်းခင်မှာ GPS ကိုကြည့်လိုက်တယ်။ အမြင့် ပေ ၁၈,၈၄၁ ကိုပြနေပါတယ်။
၂၀၂၅ခုနှစ်မေလမှာတော့ အသက်၆၆နှစ်ရှိပြီဖြစ်တဲ့မာက်ဂျန်ကင်းစ်ကထပ်ကြေညာလိုက်ပါတယ်။ နိုင်ငံရေးအခြေအနေကခွင့်ပြုတာနဲ့ ခါကာဘိုရာဇီကိုနောက်တစ်ကြိမ်ထပ်တက်ဖို့ကြိုးစားပါမယ်တဲ့။
(National Geographic မဂ္ဂဇင်းက How a Remote Peak in Myanmar Nearly Broke an Elite Team of Climbers နဲ့ Cow Boy State Daily က Laramie Climber Wants Sixth Shot to Summit Highest Peak in Myanmar တို့ကအချက်အလက်များကိုမှီငြမ်းပါတယ်)
သူ
The Tanintharyi Times
