မှောင်ခိုခရီး
မှောင်ခိုခရီး

နောက်ဆုံးတော့ ရဲတွေက ခင်ဗျားကို လွှတ်ပေးလိုက်ကြတယ်။ ရှစ်ရက်ကြာ အုံ့လှောင်ပိတ်နေတဲ့ စိတ်တွေဟာ အဲဒီတော့မှ ပြောလျော့သွားရတယ်။ ရဲစခန်းမှာ သူတို့တွေ စိတ်ကျေနပ်သွားတဲ့အထိ စစ်မေးကြတယ်။ ခင်ဗျားဆီမှာ သူတို့လိုချင်တာတွေ မရှိနေမှန်း သဘောပေါက်သွားလို့ သူတို့က ပြန်လွှတ်ပေးလိုက်ကြတာ ဖြစ်မှာပါပဲ။
ဒါပေမဲ့ မြန်မာပြည်ဟာ ခင်ဗျားအတွက် နေဖို့မသင့်တော့တဲ့ အရပ်ဖြစ်သွားခဲ့ပြီ။ ဒီမှာ ဆက်နေရင် နောက်တစ်ကြိမ်ကံဆိုးနိုင်သေးတယ်။ ထိုင်းနိုင်ငံသွားဖို့ လေယာဉ်လက်မှတ်တစ်စောင် ဖြတ်လိုက်တယ်။
ထိုင်းနိုင်ငံမှာ ခင်ဗျားရဲ့စိတ်ဟာ ပိုပြီးလတ်ဆတ်လန်းဆန်းလာနိုင်ခဲ့တယ်။ ဘေးကင်းရန်ကွာမဟုတ်လား။ ဒါပေမဲ့ ခဏပဲ။
နောက်ဆံတင်းစရာတွေနဲ့ကိုး။ ဇနီးနဲ့ ကလေးတွေကို ခေါ်ဖို့ လုပ်ရဦးမယ်။ ပိုက်ဆံစုရဦးမယ်။
ဒီကာလတွေထဲမှာ မြန်မာဘက်ကနေ ထိုင်းကို တရားမဝင် ဝင်ရောက်လာမှုတွေ တောက်လျှောက်ရှိနေခဲ့တာကို ခင်ဗျားသိတယ်။ သူတို့တွေ ဘယ်လို လာကြတယ်၊ ကုန်ကျစရိတ် ဘယ်လောက်ရှိမယ်ဆိုတာတွေကို စုံစမ်းတယ်။ ဇနီးရယ်၊ သားနှစ်ယောက်ရယ်။
လတချို့ကြာပြီးသွားတဲ့အခါ ဘောလုံးသယ်တဲ့တစ်ယောက်နဲ့ ချိတ်ဆက်မိတယ်။
အောက်လမ်းကနေ လူပို့ပေးနေတဲ့ ကားသမားတွေကို ‘ဘောလုံးသယ်တဲ့သူ’ လို့ ခင်ဗျားတို့က ခေါ်ကြတာ။ ဇနီးနဲ့ ကလေးနှစ်ယောက်ကို သူက ခေါ်လာပေးမယ်တဲ့။ ထိုင်းနယ်စပ်အထိ။
ခင်ဗျားက နယ်စပ်ကနေ စောင့်နေတယ်။ လမ်းမှာ အဆင်မှ ပြေကြပါ့မလားလို့ စိတ်ပူပေမဲ့ ဒီလမ်းကြောင်းကို အခေါက်ခေါက် အခါခါ သယ်ပို့နေကြမို့ တစ်စုံတရာတော့ စိတ်ချတယ်။
သူတို့ရောက်လာတော့ စွန့်စားခန်းကို ခင်ဗျား စတော့မယ်။ ခင်ဗျားနေတဲ့ မြို့က ဟိုးအဝေးကြီးမှာ။ ခင်ဗျားဟာ တရားဝင် ဝင်ရောက်လာတဲ့သူမို့ ထိုင်းနိုင်ငံထဲမှာ နေရာတကာကို သွားလို့ရပေမဲ့ သူတို့တွေကတော့ အဖမ်းခံရနိုင်တယ်။ ပြီးရင် မြန်မာပြည်ကိုလည်း ပြန်ပို့ခံရနိုင်တယ်။
ဒီတော့ လူမှောင်ခိုသယ်တဲ့ ပွဲစားတွေရဲ့ အကူအညီမပါဘဲ မဖြစ်နိုင်ပြန်ဘူး။ ပွဲစားတွေဟာ လမ်းကြောင်း ကျွမ်းကျင်ကြသလို အတားအဆီးတွေကိုလည်း ရှင်းနိုင်ကြတယ်။ သူတို့ကိုပဲ အားကိုးရုံပေါ့။
ဒါပေမဲ့ သုံးယောက်စာအတွက် ပိုက်ဆံမတတ်နိုင်ဘူး။ တစ်ယောက်ကို ခြောက်ထောင့်ငါးရာ။ နယ်စပ်ကို ခေါ်ထုတ်ခဲ့ဖို့အတွက်လည်း ကုန်ခဲ့ပြီးပြီ။
ဇနီးနဲ့ သားအကြီးကိုပဲ ပွဲစားလမ်းကြောင်းနဲ့ ခေါ်ဖို့ ဆုံးဖြတ်လိုက်တယ်။ သားအငယ်ကိုတော့ ခင်ဗျားနဲ့အတူ ခေါ်ခဲ့တော့မယ်။ အရွယ်မရောက်သေးတဲ့ ကလေးမို့ စစ်ဆေးရေးတွေက သက်ညှာလေမလားဆိုတဲ့ အတွေးကလည်း ရှိနေတာ။
သားအဖနှစ်ယောက်အတွက် အဝေးပြေးဘတ်စ်ကားလက်မှတ်နှစ်စောင် ဖြတ်လိုက်ပြီး ကားပေါ်ကို တက်ခဲ့လိုက်တော့တယ်။ အွန်လိုင်းကနေ ကားလက်မှတ်ဖြတ်ရတာက လွယ်တယ်။ ကလေးအတွက် ပက်စ်ပို့ပြစရာလည်း မလိုဘူး။
အထောက်အထားမဲ့ ကလေးတစ်ယောက်ကို တင်ခေါ်လာတာဟာ ဒီနိုင်ငံမှာ ဘယ်လောက်အန္တရာယ်ကြီးတယ်ဆိုတာကို ခင်ဗျားသဘောပေါက်ပါတယ်။ ကလေးက အထောက်အထားမဲ့ဝင်လာသူမို့ အဖမ်းခံရနိုင်တယ်။ ပိုဆိုးတာက သူ့ကို ခေါ်သွင်းလာတဲ့ ခင်ဗျားပါ အမှုကြီးနိုင်တာပဲ။ လူကုန်ကူးမှုနဲ့ အစွဲခံရနိုင်တာ။ ကလေးဟာ ခင်ဗျားရဲ့ သားပါလို့ ပြစရာ ဘာအထောက်အထားမှ မရှိမနေဘူး။
တစ်လမ်းလုံး၊ တစ်ညလုံး မအိပ်နိုင်ဘဲ ကားရဲ့ရှေ့တည့်တည့် လမ်းမကိုပဲ မျက်လုံးတွေကို အာရုံစိုက်ထားရတယ်။ စစ်ဆေးရေးအဖွဲ့တွေက စစ်ကြတဲ့အခါ ဘယ်လိုပြန်ဖြေရမလဲလို့ စဉ်းစားရတာက ခေါင်းကိုက်စရာပဲ။ စိတ်သောကကြောင့်သာ ကြည့်နေရပေမဲ့ စစ်ဆေးရေးအဖွဲ့တွေကို ဘာမှ ရှင်းပြနိုင်မှာ မဟုတ်ပါဘူး။ ခင်ဗျားမှ ထိုင်းစကားမတတ်တာ။ ကံပဲပေါ့။
တွေးပူနေတဲ့အတိုင်းပဲ မြို့တစ်မြို့အဝင်မှာ စစ်ဆေးရေးအဖွဲ့တွေဟာ ကားကို တားပါလေရော။ ရင်ဟာ ဗြောင်းဆန်သွားသလို ခေါင်းမှာလည်း မီးတွေ တောက်သွားတော့တယ်။
ခရီးသည်တစ်ယောက်ပြီး တစ်ယောက်ဆီကနေ ပက်စ်ပို့စာအုပ်တွေ တောင်းတယ်။ ရဲတစ်ယောက် ခင်ဗျားထိုင်ခုံဆီရောက်လာတယ်။ ခင်ဗျားဟာ ခပ်တည်တည်ပဲ ပက်စ်ပို့စာအုပ်ထုတ်ပေးလိုက်တယ်။ ဒီလို အကျပ်အတည်းတွေကြားမှာ တည်တည်ငြိမ်ငြိမ်ဖြစ်အောင် နေတတ်ဖို့ ဘဝဖြတ်သန်းမှုအတွေ့အကြုံတွေအရ ကျွမ်းကျင်နေခဲ့ပြီ။ ဒါမှမဟုတ်လည်း သားဇောနဲ့ မဖြစ်မနေ တည်ငြိမ်ဖို့ လိုနေတာကြောင့်ဖြစ်မယ်။
ထိုင်းရဲဟာ နောက်ထပ် စကားတစ်ခွန်းပြောပြန်တယ်။ နားမလည်ဘူး။ ကလေးကို လက်ညွှန်ပြတော့မှ ကလေးရဲ့ ပက်စ်ပို့စာအုပ်ကို တောင်းနေတာလို့ နားလည်လိုက်တယ်။ သားကတော့ ဘာမှအသံမထွက်ဘူး။ သူ့ထိုင်ခုံမှာ အိပ်ပျော်နေတယ်။ ဒါမှမဟုတ် ခင်ဗျားက မှာထားလို့ အိပ်ချင်ယောင်ဆောင်နေတာလည်း ဖြစ်နိုင်တယ်။
ခရီးဆောင်အိတ်ကို ဖွင့်ပြီး လက်ကို ထိုးထည့်လိုက်တယ်။ အိတ်ထဲမှာ ဟိုစမ်းသည်စမ်းလုပ်တယ်။ ဘာမှမတွေ့ဘူး။ အဝတ်တွေရဲ့ အောက်နားအထိ ထပ်ပြီးမွှေတယ်။ ဘာမှမတွေ့ဘူး။ ဘယ်တွေ့မလဲ။ ဟန်ဆောင်ပန်ဆောင် ရှာနေတာကို။ ကလေးရဲ့ ပက်စ်ပို့စာအုပ်ကို ဘယ်နားထည့်ခဲ့မိမှန်းမသိတဲ့ ပုံစံမျိုးနဲ့။ နောက်ထပ် ဘေးအိတ်တွေရဲ့ ဇစ်တွေကို ဖွင့်ပြီး လက်နှိုက်ပြန်တယ်။
အိတ်တွေထဲကို လျှောက်နှိုက်နေရင်းနဲ့ “ဒါဟာ ကျနော့်သားပါ”လို့ အင်္ဂလိပ်လို ခင်ဗျား ပြောလိုက်တယ်။ ပြောနေရင်းနဲ့ ငါပြောတာ ယုံမှယုံပါ့မလားလို့ စိုးထိတ်နေမိပြန်တယ်။ မယုံရင်တော့ သွားပြီ။ ကလေးရော၊ လူကြီးရော အဖမ်းခံရလိမ့်မယ်။ အာဏာသိမ်းလိုက်တာရဲ့ အကျိုးဆက်အဖြစ် ခင်ဗျားတို့ မိသားစု တကွဲတပြားဖြစ်ရလိမ့်မယ်လို့ အရင်က ခင်ဗျား မတွေးမိခဲ့ဘူး။
ထိုင်းရဲဟာ အခြေအနေကို သဘောပေါက်သွားလို့လား၊ တခြားခရီးသည်တွေကို စစ်ဆေးဖို့ ရှိနေသေးတာကြောင့်လားတော့ မပြောတတ်ဘူး၊ ကလေးရယ်၊ ခင်ဗျားရယ်ရဲ့ မျက်နှာတွေကို အကဲခတ်ကြည့်ပြီး လှည့်ပြန်သွားတယ်။
ခင်ဗျားဟာ နောက်တစ်ကြိမ် လွတ်မြောက်ခြင်းအရသာကို ခံစားရပြန်ပြီ။ ကားရဲ့အဲကွန်းက ထွက်နေတဲ့ အအေးဓာတ်ကို ပြန်ခံစားလို့ ရသွားခဲ့ပြီ။ စောစောတုန်းကတော့ အပူမီးကို အဲကွန်းက မငြှိမ်းပေးနိုင်ခဲ့ဘူး။ ထိုင်းရဲတွေကို တစ်ကွက်ပြလိုက်နိုင်တဲ့အတွက်လည်း ခင်ဗျား ကျေနပ်မိတယ်။
ဒီလိုနဲ့ မိုးလင်းတော့ ချင်းမိုင်ကို ရောက်လာခဲ့တယ်။ ပွဲစားတွေက ခေါ်လာပေးတဲ့ ဇနီးနဲ့ သားအကြီးလည်း ရောက်လာခဲ့တယ်။
ချင်းမိုင်ဟာ သာယာလှပတဲ့မြို့ဖြစ်ပေမဲ့ ခင်ဗျားတို့မိသားစုအတွက် နေဖို့ထိုင်ဖို့ အဆင်မပြေခဲ့ဘူး။ အထောက်အထားမဲ့တဲ့ ဇနီးနဲ့ သားအကြီးအတွက် အလုပ်ရှာလို့ မတွေ့ခဲ့သလို ကလေးအတွက်လည်း သင့်တော်တဲ့ ကျောင်း ရှိမနေဘူး။
ခင်ဗျားတစ်ယောက်တည်းရဲ့ ဝင်ငွေနဲ့ ရပ်တည်ဖို့ဟာ ခက်တယ်။ ကလေးကိုလည်း ကျောင်းထားချင်သေးတယ်။
ခင်ဗျားတို့ မိသားစု ထိုင်းနိုင်ငံတောင်ပိုင်းဆီကို ရွှေ့ပြောင်းဖို့ စီစဉ်ရပြန်တယ်။ တောင်ပိုင်းဟာ ရွှေ့ပြောင်းလုပ်သားတွေအတွက်အလုပ်အကိုင်ပေါတယ်။ မြန်မာကလေးတွေအတွက် စာသင်ကျောင်းတွေလည်း အဆင်ပြေတယ်။
သွားရမယ့် မြို့ကို ဂူဂဲလ်မြေပုံကို ဖွင့်ပြီး ကြည့်တယ်။ တကယ့်တောင်ဘက်စွန်းပါပဲ။
ခရီးက မနီးလှဘူး။ မိုင် ၉၀၀ ဝန်းကျင်။ ထိုင်းရဲ့ နယ်မြေတွေ အများကြီးကို ဖြတ်သန်းသွားရမှာ။ ဒီစွန့်စားခန်းက ခင်ဗျားအတွက် ပိုကြီးမယ်။
ဟိုရောက်တော့မှ ဇနီးနဲ့ သားအကြီးတို့က ပွဲစားလမ်းကြောင်းနဲ့ လိုက်လာခဲ့ဆိုပြီး ကလေးနဲ့ ခင်ဗျား အရင်တစ်ခါလိုပဲ တရားဝင် ဘတ်စ််ကားနဲ့ပဲ ခင်ဗျားနဲ့ အတူခေါ်လာခဲ့တယ်။ တစ်ကြိမ်အတွေ့အကြုံရှိထားတော့ သတ္တိနည်းနည်းပိုကောင်းနေတာ။
အရင်ဆုံး ဘန်ကောက်ကိုသွားရတယ်။ တောင်ပိုင်းကမြို့တွေဆီကို တိုက်ရိုက်ကားလိုင်း မရှိဘူး။
ဘန်ကောက်အထိ အစစ်အဆေးမရှိခဲ့ဘူး။ မနက်စောစောပဲ ရောက်တာနဲ့ တောင်ပိုင်းဆင်းမယ့် ကားလက်မှတ်ကို အွန်လိုင်းကနေ ဖြတ်လိုက်တယ်။ ပြီးတာနဲ့ ကားဝင်းဆီကို သွားတယ်။ ဂိတ်ကို ရောက်တဲ့အခါမှာတော့ ဒုက္ခလှလှတွေ့တော့တာပါပဲ။ လက်မှတ်အရောင်းစာရေးဟာ နှစ်ယောက်စလုံးရဲ့ ပက်စ်ပို့တွေကို တောင်းတယ်။ အရင်တစ်ခါ ရဲတွေစစ်တုန်းကလို ဟိုရှာဒီရှာလုပ်သလို ဟန်ဆောင်နေလို့ မရဘူး။ စာအုပ်ပြနိုင်မှ လက်မှတ်ရောင်းမယ်။
ကလေးအတွက် စာအုပ်ပေးပါလို့ လက်မှတ်အရောင်းစာရေးက တောင်းနေပြီ။ ခင်ဗျား ထုတ်မပေးနိုင်ဘူး။ အရောင်းစာရေးဟာ အကြည့်တစ်မျိုးနဲ့ ကြည့်တယ်။ အထောက်အထားမပြနိုင်တဲ့ ကလေးတစ်ယောက်တော့ ဒီမှာ တွေ့နေပြီဆိုတဲ့ အကြည့်မျိုး။
သားအဖဖြစ်ကြောင်း အထောက်အထားမရှိတော့ ခင်ဗျားကို လူကုန်ကူးသူလို့ ထင်ကြမှာက ကြီးကြီးလေးလေးပူရတဲ့ကိစ္စပဲ။ ထိုင်းနိုင်ငံမှာ လိင်အမြတ်ထုတ်ဖို့ရာအတွက် ကလေးလူကုန်ကူးမှုတွေ ပမာဏများများရှိနေတာမဟုတ်လား။ ရဲကိုများ လှမ်းခေါ်လိုက်ကြလေမလားဆိုပြီး တော်တော်ကြောက်သွားတယ်။
လက်မှတ်အရောင်းစာရေးကို သူနားမလည်တဲ့ ဘာသာစကားနဲ့ ပြောပြီး ကားဂိတ်ထဲကနေ ခင်ဗျားတို့သားအဖ အမြန်ပဲ ထွက်လာခဲ့လိုက်တယ်။ တက္ကစီတစ်စီး ငှားပြီး ဘန်ကောက်မှာရှိတဲ့ အသိတစ်ယောက်ဆီကို ပြေးခဲ့ကြတယ်။ အွန်လိုင်းကနေ ဖြတ်ထားတဲ့ လက်မှတ်ခတွေတော့ အဆုံးခံလိုက်ရတာပေါ့။
အသိမိတ်ဆွေက နေစရာတစ်ခု ဖန်တီးပေးတယ်။ ပိုက်ဆံတော့ ပေးရတယ်။ ကလေးဟာ ကြောက်သွားလို့လား၊ ခရီးပန်းထားလို့လားတော့ မသိဘူး၊ အဲဒီရောက်တော့ အပြင်းဖျားတယ်။ ဒါပေမဲ့ ဆေးခန်းတွေကို သွားပြီး မပြရဲဘူး။ ဆေးဆိုင်ကဆေးပဲ တိုက်ရတယ်။ အဲဒီမှာ လေးရက်လောက် သောင်တင်သွားခဲ့တယ်။
ခင်ဗျားတို့ဟာ မှောင်ခိုလမ်းကြောင်းနဲ့ သွားမှပဲ ရတော့မယ်။ ပွဲစားတွေနဲ့ ထပ်ချိတ်ရပြန်တယ်။ အဆင်ပြေတယ်။ တောင်ပိုင်းကို ပို့ပေးကြမယ်လို့ ဆိုတယ်။ သူတို့ဟာ ခင်ဗျားတို့ကို တစ်နေရာဆီခေါ်သွားပြီး အခန်းတစ်ခုထဲကို ထည့်လိုက်ကြတယ်။ ပြီးတော့ သော့ခတ် လိုက်ကြတယ်။
သော့ခတ်လိုက်တဲ့အသံဟာ ခင်ဗျားစိတ်ထဲကို တုန်လှုပ်သွားစေတယ်။ ဘာဖြစ်လို့ ခတ်တာလဲ၊ ဘယ်လောက်ကြာကြာ လှောင်ပိတ်ထားမှာလဲ၊ ဘယ်ဆီကို ခေါ်သွားကြမှာလဲ၊ စတဲ့ သောကမေးခွန်းတွေနဲ့။ သူတို့ဟာ ရေဘူးကလွဲပြီး ဘာစားစရာကိုမှ ပေးမထားခဲ့ကြဘူး။
ည ၉ နာရီလောက်မှပဲ ကုန်ကားတစ်စီးရောက်လာပြီး လာခေါ်ကြတယ်။ ကားဆရာတွေထိုင်တဲ့ ထိုင်ခုံရဲ့ နောက်ခန်းလေးထဲမှာပဲ သားအဖနှစ်ယောက် ကျပ်ကျပ်တည်းတည်း လိုက်ခဲ့ရတယ်။
ဘန်ကောက်မြို့အထွက်တစ်နေရာမှာ နောက်ထပ်အမျိုးသမီးတစ်ယောက်ကိုလည်း ထပ်တင်ပြန်တယ်။ လှုပ်လို့မရလောက်ပဲ ကျပ်သွားတော့တယ်။
ခင်ဗျားတို့ ဖုန်းကို မဖွင့်ရဘူး။ ဖွင့်ရင် ကားသမားက ဆဲတယ်။ လမ်းတစ်လျှောက်မှာလည်း အောက်ဆင်းခွင့်မပေးဘူး။ သူတို့ကတော့ မကြာခဏနားပေမဲ့ ခင်ဗျားတို့ကတော့ ကားပေါ်မှာပဲ။ တစ်ညလုံး အဲဒီလိုမျိုး လိုက်လာခဲ့ကြရတယ်။
မနက် ၄ နာရီလောက်မှာ ခင်ဗျားသွားမယ့်မြို့ကို ရောက်တယ်။ မြို့ထဲကိုတော့ ခင်ဗျားကို ခေါ်မသွားဘူး။ မြို့ပြင်က လမ်းမပေါ်မှာ ကားကို ရပ်လိုက်ကြတယ်။
ဒီလမ်းမဟာ မလေးရှားဘက်ကိုသွားတဲ့ လမ်းမဆိုတာ သိရတယ်။ အဲဒီမှာ ဟိုင်းလတ်ကားတစ်စီးက ရပ်စောင့်နေတာ။ အဲဒီအပေါ်ကို ခင်ဗျားတို့ကို တင်ပေးလိုက်ကြတယ်။
လွန်ခဲ့တဲ့ရက်တွေကတည်းက အိမ်တစ်အိမ်ကို ခင်ဗျား ကြိုတင်ချိတ်ခဲ့တယ်။ ယာယီတည်းဖို့။ သူတို့ဟာ အဲဒီကို ကောင်းကောင်းမွန်မွန်ပဲ ပို့ပေးခဲ့ကြတယ်။
နှစ်ရက်လောက်နေတော့ ခင်ဗျားဇနီးနဲ့ သားအကြီးကို ဆင်းလာခဲ့လို့ရပြီဖြစ်ကြောင်း အကြောင်းကြားလိုက်တယ်။ နှစ်ညကြာပြီးတဲ့အခါ သူလည်း ရောက်လာခဲ့တယ်။ ချောချောမွေ့မွေ့တော့မဟုတ်ခဲ့ဘူး။
မှောင်ခိုပွဲစားတွေဟာ သူတို့သားအမိနှစ်ယောက်တည်းကိုပဲ သီးသန့်ပို့ပေးမယ်ဆိုပြီး ပိုက်ဆံပိုတောင်းခဲ့ကြတယ်။ တကယ်ပို့တဲ့အခါကျတော့ လူတွေပြည့်ညပ်နေအောင် တင်ခဲ့ကြတာတဲ့။ လမ်းမှာ တစ်ယောက်အပေါ် တစ်ယောက်ထပ်အိပ်ခဲ့ရတယ်လို့ ဆိုတယ်။ ပြီးတော့ ကားတွေက အဆင့်ဆင့်ပြောင်းစီးရလို့ နှစ်ညတောင် ကြာခဲ့တယ်။
အဲဒီနှစ်ညလုံး ခင်ဗျားဇနီးဆီကို ဆက်သွယ်လို့ မရခဲ့ဘူး။ လမ်းမှာများ အဖမ်းခံနေရပြီလားလို့ ခင်ဗျား စိတ်ပူနေခဲ့ရတာ။ ပွဲစားတွေဟာ သူတို့ရဲ့ ဖုန်းတွေကို သိမ်းထားကြတာတဲ့။
ငြိမ့်လွင့်
The Tanintharyi Times