ခရစ္စမတ်မှာ ငွေလျှော့သုံးပြီး ယူကရိန်းကို လှူကြဖို့ ပုပ်ရဟန်းမင်းကြီး တိုက်တွန်း

ခရစ္စမတ်မှာ ငွေလျှော့သုံးပြီး ယူကရိန်းကို လှူကြဖို့ ပုပ်ရဟန်းမင်းကြီး တိုက်တွန်း

ခရစ်ယာန်ဘာသာရဲ့ အထွဋ်အမြတ် ကာလဖြစ်တဲ့ ခရစ္စမတ်မှာ လက်ဆောင်တွေနဲ့ အခမ်းအနားအတွက် ငွေလျှော့သုံးပြီး စစ်ဘေးဒဏ်သင့်နေတဲ့ ယူကရိန်းက ပြည်သူတွေကို လှူဒါန်းဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က တိုက်တွန်းလိုက်ပါတယ်။

“ခရစ္စမတ်ပွဲကျင်းပတာ ကောင်းပါတယ်။ ဒါပေမယ့် ခရစ္စမတ်အသုံးစရိတ်ကို နည်းနည်း လျှော့ကြရအောင်” လို့ ပုပ်ရဟန်းမင်းကြီးက ဗာတီကန်မှာ လူထုပရိသတ်နဲ့ တွေ့ဆုံစဉ် ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့တာပါ။

ပကာသနမဖက်တဲ့ ခရစ္စမတ်၊ ပကာသနမပါတဲ့ လက်ဆောင်တွေနဲ့ ခရစ္စမတ်ကို ဆင်နွှဲပြီး ပိုထွက်လာမယ့် ငွေကြေးတွေကို ယူကရိန်း ပြည်သူတွေဆီ ပေးပို့ လှူဒါန်းကြပါလို့ ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းပါတယ်။

ယူကရိန်း ပြည်သူတွေဟာ ဆာလောင်မှုဒဏ်၊ ဆောင်းတွင်း အအေးဒဏ်တွေနဲ့ အလွန်ပဲ ဒုက္ခရောက်နေကြောင်း၊ ဆရာဝန်နဲ့ သူနာပြုတွေ မလုံလောက်လို့ သေဆုံးသူလည်း အများအပြားရှိနေကြောင်း သူက ဆက်ပြောပါတယ်။

စစ်ပွဲကာလ ၁၀ လလောက် ရှိလာပြီဖြစ်တဲ့ ယူကရိန်းမှာ ရုရှားရဲ့ တိုက်ခိုက်မှုတွေကြောင့် ဓာတ်အားပေးလိုင်းတွေ ပျက်စီးခဲ့လို့ ရေ၊ လျှပ်စစ်မီးနဲ့ ဆောင်းရာသီအတွင်း အပူပေးစနစ်အတွက် ယူကရိန်း ပြည်သူတွေ အခက် ကြုံနေရတာပါ။

ယူကရိန်းရဲ့ အနောက်အုပ်စု မဟာမိတ်နိုင်ငံတွေက ရုရှားထိုးစစ်ကို တောင့်ခံနိုင်ဖို့ ဆောင်းရာသီ အရေးပေါ် ထောက်ပံ့မှုအဖြစ် အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံ ထပ်ဆောင်းပေးဖို့ အင်္ဂါနေ့က သဘောတူခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် တွမ်အန်ဒရူးက နိုင်ငံတကာ အသိုင်းအဝိုင်းဟာ ယူကရိန်းအရေးမှာ အလျင်အမြန် အရေးယူတုံ့ပြန်နေပေမယ့် မြန်မာပြည်သူတွေ အပေါ်မှာတော့ ပျက်ကွက်နေတယ်လို့ ဒီဇင်ဘာ ၁၀ ရက်မှာ ကျရောက်တဲ့ လူ့အခွင့်အရေးနေ့ အခမ်းအနားမှာ ဝေဖန် ပြောကြားခဲ့ပါတယ်။

ကိုးကား – ဘန်ကောက်ပိုစ့်

The Tanintharyi Times