မောင်းမကန်ရဲစခန်း ပစ်ခတ်တိုက်ခိုက်ခံရ

မောင်းမကန်ရဲစခန်း ပစ်ခတ်တိုက်ခိုက်ခံရ

လောင်းလုံးမြို့နယ်က နာမည်ကျော် မောင်းမကန်ကမ်းခြေရှိရာကျေးရွာက နယ်မြေရဲစခန်း​ကို မနေ့ညက ပြည်သူ့ကာကွယ်ရေးတပ်တွေပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ည ၈ နာရီခွဲဝန်းကျင်ကနေ ၁၀ နာရီဝန်းကျင်အထိ နှစ်ဖက် လက်နက်ကြီးငယ်တွေနဲ့ ပစ်ခတ်သံတွေကို ရွာထဲကပြည်သူတွေ အနီးကပ်ကြားနေရတယ်လို့ဆိုပါတယ်။

“အသံတောင်မထွက်ရဲဘူး။ ညကအိမ်ထဲမှာဝပ်နေရတယ်။ ရဲစခန်းနားကအိမ်တွေဆို မြောင်းထဲဆင်းဝပ်နေကြရတယ်။ ပစ်သံတွေက ဆက်တိုက်ပဲ။ လက်နက်ကြီး ပေါက်ကွဲသံလိုမျိုးလည်းကြားရတယ်” လို့​ဒေသခံရွာသားတစ်ဦးကပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပွားနေချိန် စစ်ကား ၆ စီး ထားဝယ်ဘက်ကနေ မောင်းမကန်ရွာဘက်ကို ရောက်ရှိလာခဲ့တယ်လို့သိရပါတယ်။

အဆိုပါစစ်ကူဆင်းလာတဲ့ စစ်ကောင်စီကားတွေလည်း မောင်းမကန်ရွာအနီး သုံးထပ်လမ်းကွေ့မှာ မိုင်းဆွဲခံရတာကြောင့် ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ ဒေသခံကဆိုပါတယ်။ အသေးစိတ်ကိုတော့မသိရသေးပါဘူး။

“မနက်ပိုင်းသုံးထပ်လမ်းမှာတော့ လမ်းမပေါ်မှာကျည်ခွံတွေတွေ့ရတယ်” လို့ ဒေသခံတစ်ဦးကဆိုပါတယ်။

မောင်းမကန်ရဲစခန်းတိုက်ခိုက်ခံရမှုမှာလည်း စစ်ကောင်စီနဲ့ရဲတွေဘက်က ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့သိရပေမယ့် အတိအကျကိုတော့အတည်မပြုနိုင်သေးပါဘူး။

မောင်မကန်ရွာထဲမှာလည်း ည ၁၂ နာရီလောက်အထိ စစ်ကောင်စီတပ်သားတွေ လမ်းလျှောက်ပြီးသွားလာနေတာမျိုးတွေရှိတယ်လို့သိရပါတယ်။

မောင်းမကန်ရဲစခန်းဟာ မောင်းမကန်ကျေးရွာအနီးတဝိုက်ကျေးရွာတွေက ပြည်သူတွေကို ဖမ်းဆီးချုပ်နှောင်တာ၊ စစ်ဆေးမေးမြန်းတာတွေကို ပြုလုပ်နေတဲ့ နယ်မြေခံရဲတပ်ဖွဲ့စခန်းတစ်ခုဖြစ်ပါတယ်။

The Tanintharyi Times