ကော့သောင်းမှာ အကြောင်းမဲ့ရိုက်နှက်ဖမ်းဆီးခံခဲ့ရသူတွေကို ငွေတောင်းပြီးပြန်လွှတ်

ကော့သောင်းမှာ အကြောင်းမဲ့ရိုက်နှက်ဖမ်းဆီးခံခဲ့ရသူတွေကို ငွေတောင်းပြီးပြန်လွှတ်

ဓာတ်ပုံ - ကော့သောင်းမြို့တွင်းတစ်နေရာ။ (ပုံဟောင်း)

ကော့သောင်းမြို့၊ သုံးမိုင်သီရိမြိုင်ရပ်ကွက်မှာ မနေ့က ပြည်သူ ၄၀ ဝန်းကျင်ကို စစ်တပ်နဲ့ယာဥ်ထိန်းရဲတွေက အကြောင်းမဲ့ရိုက်နှက်ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

အရက်မူးနေသူတစ်ယောက်က ရပ်ကွက်လမ်းညွှန်ဆိုင်းဘုတ်ကိုရိုက်ဖျက်လို့ဆိုပြီး အနီးအနားက လမ်းသွားလမ်းလာပြည်သူ ၄၀ ဝန်းကျင်ကို ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။

ဖမ်းဆီးခဲ့သူတွေထဲက နွေဦးတော်လှန်ရေးတက်တူးထိုးထားသူတစ်ဦးနဲ့ မူးပြီးလမ်းညွှန်ဆိုင်းဘုတ်ရိုက်ဖျက်တယ်ဆိုတဲ့အမျိုးသားတို့ကိုဖမ်းဆီးထားဆဲလို့သိရပါတယ်။

ကျန်တဲ့သူတွေကိုတော့ လူတစ်ယောက်ကို ကျပ်ငါးသောင်းနှုန်း၊ ဆိုင်ကယ်တစ်စီးကိုကျပ်ငါးသောင်းနှုန်းတောင်းခံပြီးပြန်လွှတ်ပေးလိုက်တယ်လို့မြို့ခံတွေကပြောပါတယ်။

“ကော့သောင်းမှာမော်တော်ပီကယ်တွေတော်တော်ဆိုးတယ်။ ဆိုင်ကယ်တွေကို အကြောင်းမဲ့ ဖမ်းဆီပြီး ပိုက်ဆံနဲ့ပြန်ပြန်ရွေးခိုင်းတယ်” လို့ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်နဲ့ရဲတွေဟာ ပြည်သူတွေကိုမတရားဖမ်းဆီးပြီး ပြန်ပေးဆွဲတဲ့လုပ်ရပ်တွေဆက်တိုက်လုပ်ဆောင်နေတယ်လို့ တနင်္သာရီတိုင်းကဒေသခံတွေကပြောဆိုကြပါတယ်။