ပုလော – KPDF ရဲ့တိုက်ခိုက်မှုကြောင့် နှစ်ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦးထက်မနည်းသေဆုံး

ပုလော – KPDF ရဲ့တိုက်ခိုက်မှုကြောင့် နှစ်ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦးထက်မနည်းသေဆုံး

ပုလောမြို့နယ်မှာ ပြီးခဲ့တဲ့ နှစ်ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို နည်းမျိုးစုံနဲ့တိုက်ခိုက်ခဲ့ရာ ၁၃ ဦးထက် မနည်းသေဆုံးခဲ့တယ်လို့ ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ပုလော (KPDF) က ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ ၈ ရက်နေ့ နေ့လည် ၁၁ နာရီခွဲ အချိန်ခန့်က မြိတ်ဘက်ကနေ ပုလောဘက်ကို စစ်ကူလာတဲ့ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် လမ်းဆင်းလျှောက်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အသင့်ထောင်ထားတဲ့ မိုင်း ၂ လုံးနဲ့ နောက်တစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ပုလော – KPDF က ရေးသားဖော်ပြထားပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၉ ရက်နေ့ ညနေ ၃ နာရီခွဲ ဝန်းကျင်ခန့်ကလည်း ပုလောမြို့နယ် နန်းပရုပ်ရွာနဲ့ ထမင်းမစား ကျေးရွာအကြား လမ်းကင်းယူထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဗိုလ်ခေါင်းဖြူစစ်ကြောင်းမှ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

အဆိုပါတိုက်ခိုက်မှု နှစ်ခုစလုံးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်က ထိခိုက်မှုတစ်စုံတစ်ရာမရှိပဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

The Tanintharyi Times