ကရင်ပြည်နယ်ကိုစစ်ကူပို့မယ့် စစ်ကောင်စီယာဥ်တန်း နှစ်ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခံရ
ကရင်ပြည်နယ်ကိုစစ်ကူပို့မယ့် စစ်ကောင်စီယာဥ်တန်း နှစ်ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခံရ
ကရင်ပြည်နယ်ကို စစ်ကူသွားမယ့် စစ်ကောင်စီယာဉ်တန်းဟာ လမ်းတလျှောက် နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံကနေ သိရပါတယ်။
ကား ၃စီးပါ အဆိုပါယာဥ်တန်းဟာ အခုလ ၆ရက်နေ့က တနင်္သာရီမြို့နယ်၊ ထုံခါကျေးရွာမှာမိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး မနေ့က ဘန်းလမွတ်ကျေးရွာမှာ ထပ်မံမိုင်းဆွဲခံခဲ့ရတာဖြစ်ပါတယ်။
မနေ့က မနက် ၈နာရီခွဲလောက်မှာ မိုင်းဆွဲခံခဲ့ရချိန်မှာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု နာရီဝက်ခန့်ဖြစ်ပွားခဲ့တယ်လို့လည်း သိရပါတယ်။
အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ၅ ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ပြည်သူ့ကာကွယ်ရေးတပ်သားတစ်ဦးက ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကို တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစု စစ်ကြောင်း (၁) နဲ့ တနင်္သာရီရိုးမပြည်သူ့ကာကွယ်ရေးအဖွဲ့ တို့ကပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ရဲဘော် တစ်ဦး ထိခိုက်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၆ ရက်နေ့က ထုံခါရွာတိုက်ခိုက်မှုရဲ့ နောက်ဆက်တွဲပြန်လည်စီစစ်ချက်အရ စစ်ကောင်စီဘက်က ၁၃ ဦးသေဆုံးခဲ့ပြီး ၂၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူကာကွယ်ရေးတပ်သားက အတည်ပြုပြောဆိုပါတယ်။
တနင်္သာရီမြို့နယ်မှာ အောက်တိုဘာလ ၂၉ ရက်နေ့ကစပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်တဲ့တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီဘက်က တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးအပါအဝင် ၂၀ ကျော်သေဆုံးသွားပြီဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ အချက်အလက်တွေအရသိရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကတော့ ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိထားပါတယ်။
တိုက်ပွဲတွေနဲ့ စစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်တာတွေကြောင့် စစ်ဘေးရှောင်နေရတဲ့ကျေးရွာအရေအတွက်ထပ်တိုးလာပြီး စစ်ရှောင်ပြည်သူကလည်း နောက်ဆုံးရရှိထားတဲ့ စစ်ဘေးရှောင်ဦးရေ ၃၀၀၀ ကျော်ထက် အများအပြားထပ်တိုးလာတယ်လို့ စစ်ဘေးရှောင်အရေးကူညီနေသူ တစ်ဦးကပြောထားပါတယ်။
The Tanintharyi Times
