တနင်္သာရီနဲ့ မွန်၊ ကရင်ကို ကွပ်ကဲတဲ့ စစ်ဗိုလ်ချုပ် အပြောင်းအလဲဖြစ်
တနင်္သာရီနဲ့ မွန်၊ ကရင်ကို ကွပ်ကဲတဲ့ စစ်ဗိုလ်ချုပ် အပြောင်းအလဲဖြစ်
တနင်္သာရီတိုင်းဒေသကြီးအခြေစိုက် ကမ်းရိုးတမ်းတိုင်းနဲ့ မွန်၊ ကရင်မှာ အခြေစိုက်တဲ့ အရှေ့တောင်တိုင်းက စစ်တိုင်းမှူးတွေကို ကွပ်ကဲရတဲ့ အမှတ် (၄) စစ်ဆင်ရေးအထူးအဖွဲ့မှူး ပြောင်းလဲလိုက်ကြောင်း စစ်တပ်နဲ့ နီးစပ်သူတွေနဲ့ မီဒီယာအချို့ရဲ့ သတင်းတွေအရ သိရပါတယ်။
ကစထ (၄) လို့လည်း ခေါ်ကြတဲ့ အဲဒီနေရာကို ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုး အစား ရှမ်းပြည်က စစ်တိုင်းတွေကို ကွပ်ကဲနေတဲ့ အမှတ် (၂) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်လှိုင်နဲ့ ပြောင်းရွှေ့ အစားထိုးတယ်လို့ ဆိုပါတယ်။
NLD အစိုးရလက်ထက်မှာ ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ်ရာထူးကနေ စစ်ဘက်ကို ပြန်ခေါ်ပြီး တစ်ဆင့်မြင့် ဒုတိယဗိုလ်ချုပ်ကြီး ရာထူးနဲ့ ကစထ (၄) မှူး ဖြစ်ခဲ့တဲ့ အောင်စိုးကိုတော့ စစ်အုပ်စုရဲ့ စီးပွားရေးလုပ်ငန်းဖြစ်တဲ့ မြန်မာ့စီးပွားရေးဦးပိုင် ဥက္ကဋ္ဌအဖြစ် ပြောင်းရွှေ့တာဝန်ပေးလိုက်ကြောင်း သိရပါတယ်။
ဒုဗိုလ်ချုပ်ကြီး အောင်စိုးကို စစ်တပ်က အငြိမ်းစားပေးပြီး ကြံ့ခိုင်ရေးပါတီ အတွင်းရေးမှူး အဖြစ် ခန့်လိုက်တယ်ဆိုတဲ့ မတူကွဲလွဲတဲ့ သတင်းအချို့ ထွက်နေပေမယ့် အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
နောက်ထပ် ထိပ်တန်း စစ်ဘက်ရာထူး အပြောင်းအလဲအနေနဲ့ မင်းအောင်လှိုင်ရဲ့ လက်ရုံးတစ်ဆူဖြစ်တဲ့ စစ်ရေးချုပ် ဒုဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းရဲ့ နေရာကို တပ်မတော်စစ်ဆေးရေး အရာရှိချုပ် ဒုဗိုလ်ချုပ်ကြီး စိုးမင်းဦးကို ပြောင်းရွှေ့ခန့်ထားကြောင်း သိရပါတယ်။
ရှေ့နေကြီး ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရချိန်က ရန်ကုန်တိုင်းမှူး ဗိုလ်ချုပ်အဖြစ် တာဝန်ယူခဲ့တဲ့ မျိုးဇော်သိန်းကို မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) ဥက္ကဋ္ဌ အဖြစ် ပြောင်းရွှေ့တယ်လို့ သိရပြီး သတင်းအချို့ကလည်း သူဟာ စစ်တပ်က အငြိမ်းစားယူပြီး ကြံ့ခိုင်ရေးပါတီ ဒုဥက္ကဋ္ဌ ဖြစ်လာတယ်လို့ ဆိုပါတယ်။
ဘယ်ဟာ အမှန်ဖြစ်တယ်ဆိုတာတော့ လက်ရှိအချိန်အထိ အတည်မပြုနိုင်သေးပါဘူး။
အခြား ထိပ်တန်း စစ်ဘက်ရာထူး အပြောင်းအလဲအဖြစ် ပုသိမ်အခြေစိုက် အနောက်တောင်တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်ကို ဒုတိယဗိုလ်ချုပ်ကြီး အဖြစ် ရာထူးတိုးပေးပြီး ကစထ (၂) တာဝန်ပေးလိုက်ကြောင်း သိရပါတယ်။
ဗိုလ်ချုပ်အောင်အောင်ရဲ့ အနောက်တောင်တိုင်းမှူး နေရာကိုတော့ တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းအုပ် ဗိုလ်မှူးချုပ် ကြည်ခိုင်က ပြောင်းရွှေ့ရောက်ရှိလာတယ်လို့လည်း စစ်တပ်သတင်းတွေက ဆိုပါတယ်။
နှစ်စဉ် ဩဂုတ်လမှာ စစ်တပ်အကြီးပိုင်းတွေ အပါအဝင် ရာထူးအဆင့်ဆင့် အပြောင်းအလဲ ဖြစ်လေ့ရှိပြီး ယခုနှစ်မှာလည်း အထက်ဖော်ပြပါ ရာထူးတွေ အပါအဝင် တပ်မမှူးတွေ အပါအဝင် ဗိုလ်မှူးချုပ်အဆင့်ကနေ ဒုဗိုလ်ချုပ်ကြီးအဆင့်အထိ ထိပ်တန်းရာထူး တစ်ဒါဇင်ထက်မနည်း ပြောင်းလဲခဲ့ကြောင်း သိရပါတယ်။
ထူးခြားချက်အနေနဲ့ ဒီနှစ် စစ်တပ်ရာထူး အပြောင်းအရွှေ့ဟာ ကြံ့ခိုင်ရေးပါတီ ညီလာခံကျင်းပချိန်နဲ့ တိုက်ဆိုင်နေပြီး စစ်တပ်က ဒုဗိုလ်ချုပ်ကြီးနှစ်ဦး ပါတီကို ပြောင်းရွှေ့လာတယ်လို့ ကြံ့ခိုင်ရေးပါတီဝင်အချို့က ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

The Tanintharyi Times
