နှမ်းကျဲရွာက နေအိမ်တွေမှာ စစ်ကောင်စီတပ်က စားသောက်ကုန်တွေအပြင် ဆိုင်ကယ်၊ ကားတွေကိုပါခိုးယူ

နှမ်းကျဲရွာက နေအိမ်တွေမှာ စစ်ကောင်စီတပ်က စားသောက်ကုန်တွေအပြင် ဆိုင်ကယ်၊ ကားတွေကိုပါခိုးယူ

ဓာတ်ပုံ - စစ်ကောင်စီတပ်သားတွေ ပစ္စည်းတွေဝင်ယူပြီးမွှေနှောက်ရှာဖွေခံရတဲ့ ထားဝယ်မြို့နယ်ထဲကနေအိမ်တစ်အိမ်။(ပုံဟောင်း)

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ နှမ်းကျဲရွာက နေအိမ်တွေမှာ စားသောက်ကုန်ပစ္စည်းတွေ၊ ဓာတ်ဆီတွေအပြင် ဆိုင်ကယ်၊ ကားတွေကိုပါခိုးယူသွားခဲ့တယ်လို့သိရပါတယ်။

စက်တင်ဘာလ ၃၀ ရက်နဲ့ အောက်တိုဘာလ ၁ ရက်နေ့မှာ နှမ်းကျဲရွာမှာရှိတဲ့ နေအိမ်ငါးဆောင်ကို ရိုက်ဖျက်ပြီး ရှိသမျှပစ္စည်းတွေကိုဝင်ယူခဲ့ကြတယ်လို့သိရပါတယ်။

“စျေးရောင်းတဲ့အိမ်တွေအကုန်ဖောက်သွားတယ်။ ဆိုင်ပစ္စည်းတွေအကုန်သယ်သွားတယ်” လို့ နှမ်းကျဲဒေသခံတစ်ဦးကပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ နှမ်းကျဲရွာထဲက နေအိမ်တွေကိုလည်း စစ်ဆေးခဲ့ကြပြီး လက်ရှိအချိန်အထိ နှမ်းကျဲရွာမှာပဲ ရှိနေပါသေးတယ်။

စစ်ကောင်စီတပ်သားတွေဟာ စက်တင်ဘာလထဲမှာ နှမ်းကျဲရွာသား ၁၀ ဦးနီးပါးကိုလည်းဖမ်းဆီးထားပါတယ်။

လတ်တလောမှာ စစ်ကောင်စီတပ်တွေဟာ ရေဖြူမြို့နယ်ထဲကကျေးရွာတော်တော်များများမှာ စစ်ကြောင်းထိုးတာတွေ၊ နေအိမ်တွေကိုဝင်စစ်တာတွေလုပ်ဆောင်နေပါတယ်။

The Tanintharyi Times