ယူကရိန်းနယ်မြေအချို့မှာ ရုရှားနဲ့ ပေါင်းစည်းရေး လူထုဆန္ဒခံယူပွဲ စတင်
ယူကရိန်းနယ်မြေအချို့မှာ ရုရှားနဲ့ ပေါင်းစည်းရေး လူထုဆန္ဒခံယူပွဲ စတင်
ရုရှားတပ်ဖွဲ့တွေ ကျူးကျော်သိမ်းပိုက်ထားတဲ့ ယူကရိန်းနိုင်ငံထဲက နယ်မြေအချို့မှာ ရုရှားရဲ့ အစိတ်အပိုင်းအဖြစ် ပေါင်းစည်းရေးအတွက် လူထုဆန္ဒခံယူပွဲကို သောကြာနေ့မှာ စတင်ကျင်းပနေပြီး ဒေသခံတွေက စတင်မဲပေးနေကြပါတယ်။
ဥပဒေနဲ့ မညီဘူးလို့ ယူကရိန်းနဲ့ အနောက်အုပ်စုက ဆန့်ကျင်ရှုတ်ချထားတဲ့ အဲဒီ လူထုဆန္ဒခံယူပွဲကို ရုရှားက စီစဉ်တာဖြစ်ပြီး သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို ရုရှားပိုင်နက်အဖြစ် သွတ်သွင်းမယ့် ခြေလှမ်းဖြစ်တယ်လို့ နိုင်ငံတကာက ရှုမြင်ထားပါတယ်။
ရုရှားသိမ်းပိုက်ထားတဲ့ လူဟန့်ဒေသ၊ ရုရှားက တစ်စိတ်တစ်ပိုင်း ထိန်းချုပ်ထားတဲ့ ဇာပိုရီဇီယားနဲ့ ဒွန်နက်ဒေသတွေမှာ စတင်မဲပေးနေကြပြီး ရုရှားက လုံးဝနီးပါး ထိန်းချုပ်ထားတဲ့ ခါဆန်ဒေသမှာလည်း ဒေသခံတွေက သောကြာနေ့မှာပဲ စတင်မဲပေးကြမယ်လို့ သိရပါတယ်။
အဲဒီဒေသလေးခုပေါင်း နယ်မြေဧရိယာ အကျယ်အဝန်းဟာ ယူကရိန်းနိုင်ငံရဲ့ ၁၅ ရာခိုင်နှုန်းခန့် ရှိပါတယ်။
ဒေသခံတွေအတွက် ရုရှားရဲ့ အစိတ်အပိုင်းအဖြစ် ပေါင်းစည်းလိုခြင်း ရှိ-မရှိ ရွေးချယ်မယ့် အဲဒီမဲပေးပွဲတွေဟာ ရုရှားရဲ့ အလိုဆန္ဒအတိုင်းသာ ရလဒ်ထွက်လာဖွယ် ရှိပါတယ်။
ယူကရိန်းတပ်ဖွဲ့တွေက အဲဒီနယ်မြေတွေကို ပြန်လည်ရယူနိုင်ဖို့ ကြိုးစားတဲ့အခါ ရုရှားကို တိုက်ခိုက်တာလို့ အဓိပ္ပါယ်ဖွင့်မယ့် အလားအလာ ရှိနေကာ ပဋိပက္ခ အရှိန်ဟာလည်း ပိုတိုးလာဖွယ် ရှိပါတယ်။
ရုရှားသမ္မတ ပူတင်က နောက်ထပ် စစ်အင်အား သုံးသိန်းကို ယူကရိန်းစစ်ပွဲအတွင်း စေလွှတ်ဖို့အတွက် အရန်အင်အားတွေ ဆင့်ခေါ်တဲ့ အမိန့် ထုတ်ပြန်အပြီး ယူကရိန်းနိုင်ငံတွင်းမှာ အခုလို ဆန္ဒခံယူပွဲတွေ ကျင်းပလာတာ ဖြစ်ပါတယ်။
အခု မဲပေးပွဲဟာ အင်္ဂါနေ့ထိတိုင်အောင် ငါးရက်တာ ကြာမြင့်မှာဖြစ်ပြီး ပထမလေးရက်မှာတော့ တာဝန်ရှိသူတွေက အိမ်တိုင်ယာရောက် ဆန္ဒမဲကောက်ခံမှာဖြစ်ကာ နောက်ဆုံးနေ့ဖြစ်တဲ့ အင်္ဂါနေ့မှသာ မဲရုံတွေမှာ ပုံမှန် မဲပေးသလို မဲထည့်နိုင်ကြမယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ခုနစ်လတာ ရုရှား-ယူကရိန်း စစ်ပွဲအတွင်း ရုရှားဘက်ကို ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေ မဲပေးနိုင်ဖို့ ရုရှားဘက်ခြမ်းမှာလည်း မဲရုံတွေ ဖွင့်လှစ်သွားမယ်လို့ အာဏာပိုင်တွေက ပြောထားပါတယ်။
ဒွန်နက်ဒေသက ရုရှားလိုလားတဲ့ ခွဲထွက်ရေးခေါင်းဆောင်တစ်ဦးက အခု မဲပေးပွဲဟာ သမိုင်းမှတ်တိုင် တစ်ခုဖြစ်တယ်လို့ ပြောထားပါတယ်။
ယူကရိန်းသမ္မတ ဇာလန်စကီးကတော့ ရုရှားက အဲဒီလို အတုအယောင် ဆန္ဒခံယူပွဲတွေလုပ်ပြီး ယူကရိန်း ပိုင်နက်တွေကို ရုရှားအစိတ်အပိုင်းအဖြစ် သွတ်သွင်းမယ်ဆိုရင် စစ်ပြေငြိမ်းရေး ညှိနှိုင်းဆွေးနွေးတော့မှာ မဟုတ်ဘူးလို့ သတိပေးထားပါတယ်။
ကိုးကား – အေပီ
The Tanintharyi Times
