ဘဝပင်ရွာက စစ်ကောင်စီတပ်သားတွေ တစ်ပတ်ကျော်အကြာမှာ ပြန်ထွက်သွား

ဘဝပင်ရွာက စစ်ကောင်စီတပ်သားတွေ တစ်ပတ်ကျော်အကြာမှာ ပြန်ထွက်သွား

ထားဝယ်မြို့နယ်၊ ဘဝပင်ရွာမှာ ရွာသားတွေကိုဖမ်းဆီးပြီး တပ်စွဲထားတဲ့စစ်ကောင်စီတပ်သားတွေဟာမနေ့ညကပြန်ထွက်သွားပြီလို့ဒေသခံတွေကပြောပါတယ်။

စက်တင်ဘာလ ၆ ရက်နေ့မှာ ဝင်ရောက်လာတဲ့စစ်ကောင်စီတပ်သားတွေဟာ တစ်ပတ်ကျော်အကြာ စက်တင်ဘာလ ၁၄ ရက်ညမှာပြန်ထွက်သွားတာဖြစ်ပါတယ်။

“ညက လက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ပြီးလမ်းအတိုင်းပဲပြန်ထွက်သွားတာ။ ကျနော်ကတော့ရွာထဲပြန်မရောက်သေးလို့ရွာထဲမှာ ဘာတွေဖျက်ဆီးခံရတယ်ဆိုတာတွေတော့မသိရသေးဘူး” လို့ တိမ်းရှောင်နေရတဲ့ရွာသားတစ်ဦးကပြောပါတယ်။

ဖမ်းဆီးထားတဲ့ရွာသားတွေကိုတော့ပြန်လွှတ်ပေးခဲ့တယ်လို့သိရပါတယ်။

ရွာမှာတပ်စွဲထားချိန် ရွာသားအများအပြားကိုလည်းဖမ်းဆီးထားပြီး လူငယ်တွေကိုရိုက်နှက်နှိပ်စက်တာတွေလုပ်ဆောင်ခဲ့ပါတယ်။

ရွာထဲမှာလည်း နေအိမ်တွေကိုရိုက်ဖျက်ဝင်ရောက်ပြီး အစားအသောက်၊ အရက်ဘီယာ၊ အိမ်အသုံးအဆောင်ပစ္စည်းတွေဝင်ယူထားတယ်လို့သိရပြီး ဘယ်လောက်ဆုံးရှုံးခဲ့တယ်ဆိုတာကိုတော့မသိရသေးပါဘူး။

The Tanintharyi Times