မြိတ်နဲ့ကော့သောင်းမှာ စစ်ကောင်စီက သင်္ကြန်မဏ္ဍပ်တွေ ဆောက်လုပ်နေ

မြိတ်နဲ့ကော့သောင်းမှာ စစ်ကောင်စီက သင်္ကြန်မဏ္ဍပ်တွေ ဆောက်လုပ်နေ

ဓာတ်ပုံ - မြိတ်မြို့၊ဦးမြတ်လေးပန်းခြံအနီးကမဏ္ဍပ်

မြိတ်နဲ့ ကော့သောင်းမြို့တွေမှာ သင်္ကြန်မဏ္ဍပ်တွေကို စစ်ကောင်စီက ဆောက်လုပ်နေပြီလို့ မြို့ခံတွေထံက သိရပါတယ်။

မြိတ်မြို့မှာတော့ ဦးမြတ်လေးပန်းခြံအနီးကလမ်းဆုံမှာ မဏ္ဍပ်တစ်ခုဆောက်လုပ်ထားပြီး ကမ်းနားလမ်းမှာ ထပ်ဆောက်ဖို့ရှိတယ်လို့လည်း သိရပါတယ်။

“ဒီမှာက ကုမ္မဏီတွေကို ရေကစားမဏ္ဍပ်တွေဆောက်ဖို့ ဖိအားပေးထားတာမျိုးတွေကြားရတယ်။ တချို့လူငယ်တွေကလည်း သင်္ကြန်လည်ဖို့ ကားတွေတောင် ကြိုငှားထားကြတယ်” လို့ မြိတ်မြို့ခံလူငယ်တစ်ဦးက ပြောပါတယ်။

ကော့သောင်းမြို့မှာတော့ ကမ်းနားလမ်းမှာတစ်ခုဆောက်လုပ်နေပြီး နောက်ထပ် ရပ်ကွက်အလိုက် ရေကစားမဏ္ဍပ်တွေဆောက်လုပ်ဖို့ရှိတယ်လို့လည်း သိရပါတယ်။

ကော့သောင်းမြို့က လူငယ်အမျိုးသမီးတစ်ယောက်ကတော့ ” ယိမ်းအဖွဲ့ တချို့ အကတိုက်နေကြတယ်လေ။ သူတို့ ဘယ်လိုစိတ်နဲ့ အဲလိုတွေလုပ်နေကြလဲဆိုတာ ကျွန်မတော့နားမလည်တော့ပါဘူး” လို့ဆိုပါတယ်။

ထားဝယ်မြို့ပေါ် မှာလည်း ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်အနီး ဗဟိုမဏ္ဍပ်နဲ့၊ ဆောက်လုပ်ရေးမဏ္ဍပ်တို့ကို ဆောက်လုပ်နေပါတယ်။ ရပ်ကွက် သင်္ကြန်အတွက်ဆိုပြီး ငွေကြေး လှည့်လည်ကောက်ခံနေတာတွေလည်း ရှိပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ တော်လှန်ရေး အရှိန်လျှော့သွားအောင်နဲ့ စစ်တပ်ထိန်းချုပ်မှုအောက်မှာ ပြည်သူတွေအေးချမ်းနေကြကြောင်း ပြချင်တာကြောင့် သင်္ကြန်ပွဲတော်ကို ကျင်းပပေးတာဖြစ်လို့ ပါဝင်ဆင်နွဲခြင်း မပြုကြဖို့ တော်လှန်ရေးအင်အားစုအသီးသီးက တိုက်တွန်းထားကြပါတယ်။