ကျောက်ဖြစ်သွားသော နှင်းဆီများ

ကျောက်ဖြစ်သွားသော နှင်းဆီများ

လင်းနေတစ်ယောက် ရုံးခန်းရှေ့မှာ ခေါက်တုံ့ခေါက်ပြန်လျှောက်နေသည်မှာ လေးငါးခေါက်မကတော့။ တန်တော့ ဒီကောင်တစ်ခုခုတောင်းဆိုစရာရှိပြီ ထင်သည်။

“ဟေ့ကောင် လင်းနေ၊ ဘာကိစ္စတုန်း”။

လှမ်းမေးတော့မှ စပ်ဖြဲဖြဲနှင့် “ရွာမှာ ဘုရားပွဲရှိလို့ ခွဲမှူး၊ အဲ့တာခွင့်လေး သုံးရက်လောက် ယူချင်လို့”

“ဟ၊ မင်း ပြီးခဲ့တဲ့အပတ်ကပဲ အလုပ်တွေရှိလို့ ဆိုပြီး ခွင့်သုံးရက် ယူထားတာလေကွာ”။

ဒီလို ဆိုတော့လည်း မျက်နှာငယ်လေးနှင့် “ခွဲမှူးရယ်၊ အဲ့တာက အိမ်မှာ နှမ်းရိတ်ဖို့ လူမှမရှိတာ၊ ကျွန်တော်မှမရိတ်ရင် လူငှားရမှာလေ အဲတာကြောင့်ပါ”

“အခုလည်း ဘုရားပွဲက သုံးရက်ထဲပါ ခွဲမှူးရယ်၊ နွယ်လေးတို့လည်း လာမှာ၊ ကျွန်တော်တွေ့ချင်လို့ပါ”

အမှန်တော့ လင်းနေက အင်ဂျင်နီယာတက္ကသိုလ် ဒုတိယနှစ်ကျောင်းသား။ မင်းအောင်လှိုင်က စစ်အာဏာသိမ်းချိန်တွင် မခံချင်စိတ်ဖြင့် လက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်ခဲ့သူ။ လူပုံက အရပ်မြင့်မြင့်၊ ရူပါဖြောင့်ဖြောင့် သဘောမနောကောင်းနှင့် ရဲဘော်ရဲဘက်စိတ်အပြည့်ဖြင့် သူငယ်ချင်းတွေအပေါ် ကိုယ်ချင်းစာတတ်သည်။

တပ်ဖွဲ့ထဲတွင် စစ်စည်းကမ်းလိုက်နာပြီး တာဝန်ကျေပွန်သောကြောင့် တပ်စုမှူးတာဝန်ထမ်းဆောင်နေသူ။ သူတာဝန်ယူထားသည့် တပ်စုက စည်းကမ်းကောင်းသည်။ အချင်းချင်းစည်းလုံးပြီး ပူးပေါင်းဆောင်ရွက်မှုအားကောင်းသည်။ ကျွန်တော်တို့ တပ်ခွဲ၏ စံပြတပ်စု။ သို့သော်လည်း အခြားရဲဘော်များ၏အမြင်တွင် မျက်နှာသာပေးသည်ဟု အထင်မခံလို။ ရဲဘော်ရဲဘက်စိတ်များ ပျက်ပြားသွားစေနိုင်သည် မဟုတ်ပါလား။

“အေး မင်းအနေနဲ့ ခွင့်ရပိုင်ခွင့်ကတော့ ငါတို့ကပေးပြီးသွားပြီ။ ဒါပေမယ့် အခုထပ်ပြန်ချင်ရင်တော့ စခန်းမှာ ကတုတ်ကျင်းတူးရမယ်။ ကတုတ်ကျင်းနှစ်ကျင်းနဲ့ အိမ်သာကျင်းတစ်ကျင်း၊ မင်းလုပ်နိုင်ပါ့မလား”

“အာ ရတယ် ခွဲမှူး၊ အဲ့လောက်ကတော့ အပျော့ပဲ၊ ကျွန်တော်အခုစတော့မယ်၊ ခွဲမှူးနေရာချပေး”

လင်းနေကို တူးရမည့်နေရာများလိုက်ပြပြီး ရုံးခန်းသို့ ပြန်လာခဲ့သည်။ လင်းနေတစ်ယောက်ကတော့ လေလေးတစ်ချွန်ချွန်နှင့် သူ့ချစ်သူ နွယ်လေး မျက်နှာကို မြင်ယောင်ရင်း တူးနေမည်သာ။

တပ်ဖွဲ့ထဲမှာ လူငယ်တွေက ကြိုးစားကြသည်။ စစ်ကောင်စီကို တော်လှန်လိုစိတ် ပြင်းထန်ကြသည်။ သို့သော်လည်း အနည်းငယ်ထိန်းကျောင်း တည့်မတ်ပေးရမည်။ သို့မှသာ သူတို့လေးတွေ လမ်းသစ်ကို ဖြောင့်ဖြောင့်ဖောက်နိုင်ပေလိမ့်မည်။

တစ်ညနေခင်း တဲထဲတွင် စာအုပ်ဖတ်နေတုန်း လင်းနေ ရောက်လာသည်။” ဝင်ခွင့်ပြုပါ ခွဲမှူး” “အေး လင်းနေ ဝင်ခဲ့လေ”။

တာဝန်ချိန်ပြင်ပ ညီရင်းအကိုများသဖွယ် စကားလက်ဆုံကျမိသည်။ ကဗျာများအကြောင်း စာအုပ်များ၊ လေရူးသုန်သုန်မှသည် လက်ရှိချစ်သူအထိ။ ချေဂွေဗားရား၊ အာဏာရှင်များနှင့် ချစ်ခြင်းမေတ္တာများ အကြောင်း။ နွယ်လေးက သူ့ကို ဒီဆောင်းတွင်း လာတောင်းဖို့ ပြောသည်။

သူကလည်း လက်ထပ်ချင်ပြီ။ အာဏာမသိမ်းခင်ကတော့ သူတို့ ကျောင်းပြီးမှ လက်ထပ်မည်ဟု တွေးထားခဲ့ကြသော်လည်း စစ်အာဏာရှင်၏ လက်အောက်တွင် လူငယ်လေးများ၏ အိပ်မက်သည် လွင့်ပြယ်သွားခဲ့ပြီ။ သူတို့ချစ်သူသက်တမ်းလည်း ငါးနှစ်ကျော်ခဲ့ပြီ။

 “တပ်ရင်းက ထမင်းတွေ မစားချင်တော့ဘူး ခွဲမှူးရဲ့၊ နွယ်လေးလက်ရာ စားချင်လှပြီ”။ “အေးပါ လင်းနေ ရာ၊ လုပ်ထုံးလုပ်နည်းအတိုင်း လက်ထပ်ခွင့်တင်ပေါ့။ သတ်မှတ်ထားတဲ့ အချက်အလက်တွေ ပြည့်စုံရင် လက်ထပ်ရမှာပါ”။

ဝေရီဝိုးဝါး ဆောင်းညများတွင် လင်းနေ၏ ဂစ်တာသံ သဲ့သဲ့ကို ကြားရသည်။ “ကလေးလေး သိပ်ချစ်တယ်၊ ကိုယ်ဒါလေးပဲ ပြောတတ်တယ်နော်” မျှော်လင့်ချက်များနှင့် လူငယ််။ အာဏာရှင်ကို တော်လှန်ရင်း ချစ်ခြင်းမေတ္တာကို ယုံကြည်ကိုးစားသူ။

ညကထဲက သတင်းတစ်ချို့ရသည်။ ခွေးစစ်ကြောင်း ကင်းပတ်မည်တဲ့။ မြိို့ပြင် ရွာတစ်ချို့ပတ်မည်၊ ရိက္ခာစုပြီး ပြန်မည်ထင်သည်။ ထုံးစံအတိုင်း ပြည်သူတွေထံမှ ဆန်ရရ၊ ပဲရရ လုယက်ကြမည်သာ။ ရင်းမှူးနှင့် ခွဲမှူးအဆင့်များ အစည်းအဝေးလုပ်ကြသည်။ ဖရဲသီးသတင်းအရဆိုလျှင် ဂွေးချို(အမည်လွှဲ)မှတစ်ဆင့် ရွာသစ်(အမည်လွှဲ)ကိုဖြတ်မည်တဲ့။

မနက်ဖြန်မနက်စောစော ဒီကောင်တွေဖြတ်မည့်လမ်းကြောင်းကို ခြုံခိုရန် အစီအစဉ်ဆွဲကြသည်။ လူရွေး လက်နက်ခဲယမ်းများအသင့်ပြင်။ သူတို့ တပ်ခွဲမှ သူအပါအဝင် ရဲဘော် ဆယ်ဦးရွေးမည်။ အင်အား လေးဆယ်ခန့်နှင့် ခြုံခိုပြီး ကြားဖြတ်မည်။ ခွေးစစ်ကြောင်းက ခုနစ်ဆယ်ခန့်ရှိသည်။ သူတို့နှင့်အတူ မဟာမိတ်များမှလည်း ပူးပေါင်းအားဖြည့်မည်ဖြစ်သည်။ သူ့တပ်ခွဲမှာတော့ မပါမဖြစ် လင်းနေနှင့် အခြားအားကိုးရသည့် ရဲဘော်များ။ ညကတည်းက အသင့်ပြင်ခိုင်းပြီးဖြစ်သည်။

ရွာနှစ်ရွာအကြား လမ်းမ၏အပေါ်တွင် တောင်ကုန်းအမြင့်ရှိသည်။ ထိုတောင်ကုန်း၏ အစပ် သစ်ပင်များကြားမှ နေရာယူရင်း တိတ်ဆိတ်စွာ ရန်သူကို စောင့်စားကြသည်။ ဒီနေရာက ကျည်ကွယ် မြက်ကွယ်ကောင်းသည်။ အောက်ကလမ်းလေးကို သတ်ကွင်းအဖြစ် အပိုင်ချေမှုန်းကြမည်။

နံနက်သုံးနာရီတည်းက  အသင့်စောင့်နေခဲ့သည်။ ဆေးလိပ်မသောက်ရ၊ အိပ်မငိုက်ရ၊ ချောင်းမဆိုးရ။ ရာသီအငိုက် လူအငိုက်ဖြစ်လျှင် မိမိတို့ကတစ်ဖန် သားကောင်ဖြစ်သွားလိမ့်မည်။ ပစ်ကွင်းထဲကို ခွေးစစ်ကြောင်းက ပွိုင့်သမားများ စတင်ဝင်လာပြီ။ သူတို့တုပ်
တုပ်မျှမလှုပ်တော့။ သုံးဆယ်၊ လေးဆယ် ကျော်လွန်သွားပြီ။

“ပစ်” သူ့အမိန့်သံနှင့်အတူ ပါရီသံ၊ အေကေဖိုတီဆဲဗင်းသံများ ဆူညံသွားသည်။

ကြိုတင်ပြင်ဆင်မှုအားကောင်းပြီး သတင်းအရစောင့်ဆိုင်းထားသည်မို့ ရလဒ်က အားရကျေနပ်စရာကောင်းလှသည်။ သူ့မျက်စိရှေ့တွင် ငါးကောင်က ထွေးကနဲ သွေးအိုင်ထဲလဲသွားသည်။ တောင်ဘက်ရှိ မဟာမိတ်စစ်ကြောင်းမှလည်း သေနတ်သံများ မြိုင်ဆိုင်စွာထွက်ပေါ်လာသည်။ ချိန်သားကိုက်လိုက်သည့် ဖြစ်ခြင်း။

မြို့ထဲမှ စစ်ကူလည်းမလာနိုင်၊ တိုက်ပွဲက ခဏမျှသာကြာပြီး ပြီးဆုံးသွားသည်။ ဖရိုဖရဲနှင့် ဖွဲ့စည်းပုံပျက်သွားသည့် စစ်ကြောင်းကို လိုက်လံရှင်းလင်းသည်။ လောလောဆယ် ရှစ်လောင်းနှင့် ဆယ့်နှစ်လက်။ ပွဲဦးထွက်ကတော့ လှနေပြီ။ မိမိတို့ ရဲဘော်များစုံ၊ မစုံ ပြန်စစ်ဆေးသည်။ နှစ်ယောက်လိုနေသည်။

လင်းနေနှင့် အောင်အောင်။ ခပ်လှမ်းလှမ်းတစ်နေရာမှ သေနတ်သံ အတွဲလိုက်ထွက်လာပြီး ငြိမ်ကျသွားပြန်သည်။ သူသေနတ်ကိုဆွဲပြီး အပြေးအလွှားပြေးထွက်ခဲ့သည်။

“ခွဲမှူး၊ နေဦး။ ကျွန်တော်တို့ကို စောင့်ဦး” စကားသံများ ပြတ်ကျန်ခဲ့သည်။

အောင်အောင်ကို သစ်ပင်ကြီးအောက်တွင် တုန်ယင်နေလျက်တွေ့ရသည်။ မလှမ်းမကမ်းမှာ လင်းနေနှင့် အကြမ်းဖက်စစ်သားတစ်ဦး၊ နှစ်ယောက်လုံးသွေးအိုင်ထဲတွင် လဲပြိုနေလျက်။ လင်းနေ ဓါးက အကြမ်းဖက်ကောင် ရင်ဝမှာ။

“ကျွန်တော်က လိုက်ရှင်းရင်းနဲ့ ဒီကောင်နဲ့အတွေ့မှာ သေနတ်က ဂျမ့်ဖြစ်သွားတာ၊ ဒီကောင်က ကျွန်တော့ကို သေနတ်နဲ့ချိန်ပြီး အတွဲလိုက်ဆွဲမလို့ လုပ်ချိန် လင်းနေက ဓါးနဲ့ ဝင်ခုန်အုပ်ပြီး ကျွန်တော့ကို ကယ်သွားတာ” ခပ်လှမ်းလှမ်းမှာ လင်းနေသေနတ်က ကျည်ကုန်လျက် အနေအထားနှင့်။

သူ့နားထဲ ဘာအသံမှ မကြားရတော့။ ယူကြုံးမရဝမ်းနည်းကြေကွဲခြင်းနှင့် နာကျင်မှုတို့က ရင်ဝဆောင့်တက်လာသည်။

 “အားးး  လင်းနေ ရာ၊ ညီလေးရာ မင်း မင်္ဂလာဆောင်ရဦးမယ်လေ ညီလေး၊ မင်းချစ်သူကောင်မလေးက ရှေ့တန်းအပြန်ကို စောင့်နေတယ်လေကွာ။ “

“ကျွန်တော့မင်္ဂလာဆောင်မှာ ခွဲမှူးက ကဗျာရွတ်ပေးဆို။ ငါရွတ်ပေးမယ်လေ ညီလေးရာ၊ ထပါ ပြန်ကြရအောင်နော်” လင်းနေက သူပြောသည်ကို မကြားသလို သွေးအိုင်ထဲမှာ တုတ်တုတ်မျှ မလှုပ်တော့။

ဆောင်းညနေခင်းတစ်ခုမှာပဲ လင်းနေကို သူတို့သင်္ဂြိုလ် နှုတ်ဆက်ကြသည်။

“×××ခရိုင် အမှတ်(×××) ပြည်သူ့ကာကွယ်ရေးတပ်ရင်းမှ ကိုယ်ပိုင်အမှတ်၊××× ××× တပ်စုမှူး လင်းနေ။ သင်သည် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ပေါ်ပေါက်ရေးအတွက် အကြမ်းဖက်စစ်ကောင်စီကို ရဲရဲဝံ့ဝံ့ တော်လှန်တိုက်ခိုက်ခဲ့သည့်အတွက် ကျွန်ုပ်တို့ ပြည်သူ့ကာကွယ်ရေးတပ်ရင်းမှ လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုအပ်ပါသည်။ သို့ရာတွင် ဘဝတစ်ပါးပြောင်းသွားကွယ်လွန်သည်ဖြစ်သည့်အတွက် တပ်ဖွဲ့နှင့်မသက်ဆိုင်တော့ပါ။ ရဲဘော် သင်သွားလိုရာ သွားနိုင်ပြီဖြစ်သည်။”

လင်းနေ၏ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်သည့် ပရိသတ်ကြားမှ ရှိုက်သံသဲ့သဲ့ကြားရသည်။ နွယ်လေးဖြစ်ပါလိမ့်မည်။ သူရဲကောင်း၏ ပါရမီဖြည့်ဖက်။ ချစ်သောသူသည်ကား ဖူးလို့ ဝေလို့ မဝခင် ကျောက်သားအဖြစ်သို့ ပြောင်းလဲသန္ဓေတည်ခဲ့ပြီ။ ရဲရင့်ခိုင်မာသော ကျောက်သားနှင်းဆီ။

ဂျော့လင်းညို

The Tanintharyi Times